တိုင်းရင်းသား များ မဲပေးမှုအခြေအနေ

  • 7 နိုဝင်ဘာ 2010
မြန်မာနိုင်ငံမဲပေးတဲ့ မြင်ကွင်း
Image caption မြန်မာနိုင်ငံမဲပေးတဲ့ မြင်ကွင်း

မွန်ဒေသမှာ ကြံ့ခိုင်ရေးပါတီ၊ တစည ပါတီတို့နဲ့ အဓိက ယှဉ်ပြိုင်အရွေးခံရတဲ့ ပါတီကတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာကျတော့ ဖလုံစော်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ က ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

မော်လမြိုင်မြို့ကနေ တသီးပုဂ္ဂလ ဝင်ပြိုင်တဲ့ ဦးလှရှိန်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်နဲ့တိုင်းတခြမ်းမှာက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက အနိုင်ရဖွယ်ရှိပြီး ဒီဖက်တခြမ်းမှာ သူပါလာနိုင်ဖွယ်ရှိတယ်လို့ သူထင်တဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးပါတီက အနိုင်ရသွားနိုင်တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ကော့ကရိတ် ခလရ ၉၇ က နေ့လည် ၁၁ နာရီလောက်မှာ လက်နက်ကြီး ၉ ချက် ပစ်ခတ်ခဲ့ကြောင်း ဘာပြုလို့လည်းဆိုတော့ အဲဒီအချိန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ရရှိတဲ့မဲတွေ ကျေနပ်လောက်ဖွယ်ရှိပြီဖြစ်လို့ တခြားကျေးရွာက ကျန်တဲ့သူတွေ မထည့်ချင်လည်း မထည့်ပဲနေရအောင် ခြိမ်းခြောက်တဲ့အနေနဲ့ပစ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ အဲဒီဒေသခံကပဲ ပြောပါတယ်။

ရခိုင်ပြည်နယ်က စစ်တွေမြို့ ကျေးပင်ကြီး ရပ်ကွက်မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်ညိုက အနိုင်ရရှိသွားပါတယ်။ ယူပတောင်မှာလည်း နေရာ ၃ ခုစလုံးကို ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိသွားပါတယ်။ စစ်တွေမြို့ ဆင်ကူးလမ်း ကျောင်းတန်းလမ်း ဓညဝတီလမ်းတွေမှာလည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကပဲ နိုင်တယ်လို့ သိရပါတယ်။ဒါပေမယ့်လည်း ပြည်တော်သာရပ်ကွက် အမှတ် ၄ မဲရုံမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲအပြတ်အသတ်နဲ့ နိုင်သွားပါတယ်။

Image caption ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ

ရှမ်းပြည်နယ်အတွင်းမှာတော့ ရှမ်းတိုင်းရင်းသားပါတီ စုစုပေါင်း ၈ ခု ဝင်ပြိုင်ရာမှာ ရှမ်းတိုင်းရင်းသား အကြီးဆုံးပါတီလို့ပြောနိုင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က အဓိက ယှဉ်ပြိုင်ကြရတဲ့သဘောဖြစ်ပါတယ်။

ပင်လုံက ရှမ်းပါတီ အမတ်လောင်းတစ်ဦးက လောလောဆယ် ရှမ်းပြည်နယ်မှာ ဖြစ်နေတဲ့ ရွေးကောက်ပွဲအခြေအနေကို ရှင်းပြရာမှာ ဟိုင်နမ်းအုပ်စုမှာ မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၂၄၀၄ ယောက်ရှိတဲ့အနက် ကြိုတင်မဲက ၁၄၉၆ ယောက်ရှိနေတဲ့အကြောင်း ကြိုတင်မဲသွားယူစဉ်တုန်းကလည်း သူတို့ပါတီကိုယ်စားလှယ် ပါမသွားနိုင်ခဲ့တဲ့အကြောင်း ဒီကြိုတင်မဲတွေဟာ ဘယ်သူ့အတွက်ဖြစ်မလဲဆိုတာ စေါင့်ကြည့်ရအုန်းမှာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။