ရွေးကောက်ပွဲ မသမာမှု တွေ NLD အစီရင်ခံစာ ထုတ်မည်

  • 9 နိုဝင်ဘာ 2010
elections
Image caption နိုင်ငံတကာ ရောက် မြန်မာအင်အားစု တွေ က လည်း ရွေးကောက်ပွဲ ကို ဆန့်ကျင်

ရွေးကောက်ပွဲ မှာ ဖြစ်ခဲ့တဲ့ မသမာမှု တွေ ကို မှတ်တမ်း ပြုစု နေပြီး နိုင်ငံတကာ နဲ့ မြန်မာ ပြည်သူ ပြည်သား တွေ ကို အစီရင် ခံစာ ထုတ်ပြန်သွားမယ့် အကြောင်း NLD က ပြောပါတယ်။

ရွေးကောက်ပွဲ ကို မယုံကြည် လို့ NLD အနေနဲ့ သပိတ်မှောက် ထားပေမယ့်၊ ရွေးကောက်ပွဲ မသမာ မှု တွေကို စောင့်ကြည့် မှတ်တမ်းတင်ခဲ့ ကြောင်း နဲ့ နေရာ အနှံ့အပြား မှာ မဲသမာ မှု တွေ ဖြစ်ခဲ့တယ် ဆိုတဲ့ သတင်း အချက်အလက် တွေ အခု အချိန် ထိ ဝင်လာမစဲ တသဲသဲ ဖြစ်နေကြောင်း NLD ပါတီ ရဲ့ ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးဝင်းတင် ကဘီဘီစီ ကို ပြောပါတယ်။

မြန်မာ့နိုင်ငံရေး သမိုင်း မှာ စစ်အစိုးရ က အခု ရွေးကောက်ပွဲ မှာ လည်း ဘယ်လောက် အထိ မသမာမှု တွေ လုပ်ခဲ့တယ် ဆိုတဲ့ အချက်အလက် တွေ ကို မှတ်တမ်းတင် ထားသင့်တဲ့ အတွက် အခုလို လုပ်ဆောင် တာ ဖြစ်ကြောင်း လည်း သူ က ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ကိုထွန်းမြင့်အောင် က သူတို့ အနေနဲ့ လည်း ရွေးကောက်ပွဲ မသင်္ကာမှု တွေကို စုဆောင်းထား ပြီး နိုင်ငံတကာ အသိုင်း အဝိုင်း နဲ့ မြန်မာပြည်သူ တွေ အကြား တင်ပြ သွားမယ် လို့ ဆိုပါတယ်။

ဒါ့ အပြင် လက်တွေ့ မဲလိမ်တာ ကို ခံလိုက်ရတဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီ တွေ အနေနဲ့ လည်း မဲဆန္ဒရှင် တွေရဲ့ ကိုယ်စား အခု မတရားမှု တွေ ကို ဖော်ထုတ်ပြီး လှုပ်ရှား ဆောင်ရွက်မှု တွေ စတင် သင့်ကြောင်း ပြောပါတယ်။

မဲ မသမာမှု တွေ နဲ့ ပတ်သက်ပြီး အနောက် နိုင်ငံအသိုင်း အဝိုင်း က မြန်မာပြည် က ရွေးကောက်ပွဲ ဟာ တရားမျှတ မှု မရှိ ကြောင်း ထောက်ပြ ဝေဘန် နေပါတယ်။