မဲ မသမာမှုတွေ ရှိတယ်လို့ နိုင်ငံရေးပါတီတွေက ထုတ်ပြော

  • 9 နိုဝင်ဘာ 2010
elections
Image caption မဲ မသမာမှု တွေ အနှံ့ အပြား ဖြစ်ခဲ့

ရွေးကောက်ပွဲ မှာ မဲ မသမာမှုတွေ ကျယ်ကျယ် ပြန့်ပြန့် ရှိခဲ့တယ် ဆိုတဲ့ သတင်း တွေ ထွက်ပေါ်နေတဲ့ အချိန် မှာပဲ မဲ မသမာ မှု တွေ ကို နိုင်ငံရေး ပါတီ တွေက မကျေနပ် လို့ တိုင်တန်း နေကြ ပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF က မြစ်ကြီးနားမှာ ဝင်ပြိုင်တဲ့ ဦးမာခါး က လူတွေ မဲထည့်တဲ့ နေရာမှာ မဲရုံ က တာဝန်ရှိသူ တွေက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ နေရာကို လက် နဲ့ ထောက်ပြီး ထည့်ခိုင်းတာတွေ တွေ့ရတဲ့ အကြောင်၊ ပြည်သာ အမှတ် ၁၄ မဲရုံမှာ ရဲတပ်ဖွဲ့ က ရဲမေတဦး က မဲပေးသူ လူ ၁၀၀ လောက်ကို မဲခြစ်တဲ့ နေရာ အထိ လိုက်လံ ညွှန်ကြား နေခဲ့ တာကို တွေ့ရ တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

သူ့အနေ နဲ့ ဒီ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံ တဲ့ အကြောင်း နဲ့ မြို့နယ်ကော်မရှင် ဥက္ကဌကို နှုတ်နဲ့တော့ တိုင်ကြားထားပြီး ဖြစ်တယ် လို့ ဦးမောင်ခါး က ပြောပါတယ်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ က လွှတ်တော် ကိုယ်စားလည်လောင်း ဦးလှသိန်းက လည်း ကြံ့ဖွံ့ ပါတီ ကို မဲပေးဖို့ နည်းမျိုးစုံ နဲ့ အကြပ်ကိုင် ခဲ့တာတွေ ရှိတယ် လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မြေပုံ မြို့နယ် တွင်း ကျေးရွာ အချို့မှာ အာဏာပိုင်တွေက ရခိုင်ပါတီကို ထောက်ခံရင် နောက်မှ နောင်တရလိမ့်မယ် အဲဒီအခါကျမှ ငါတို့ ကို အဖေလို့ မခေါ်နဲ့ ဆိုပြီး ရိုင်းစိုင်းစွာ ခြိမ်းခြောက် ပြီး ကြံ့ခိုင်ရေး ပါတီ ကို မဲထည့် ဖို့ ရွာသား တွေ ကို ညွှန်ကြားခဲ့ ပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ပါတီ က ဦးအေးလွင် က လည်း မဲစာရင်း ပြုစုတဲ့ နေရာမှာ ကြံ့ခိုင်ရေး ကို မထောက်ခံဘူးလို့ ထင်ရတဲ့သူတွေကို မဲစာရင်း မထည့်ပဲ ထားတာမျိုးတွေ ရှိတဲ့ အကြောင်း၊ ကြိုတင်မဲ ခေါင်းစဉ်တပ်ပြီး ကြံ့ခိုင်ရေး နိုင်မဲ တွေကို ကော်မရှင် ကိုယ်တိုင် က လိုက်လုပ်တဲ့ အကြောင်း ၊ ဒါကြောင့်မို့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုကြောင်း ထုတ်ပြန်မှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောသွား ပါတယ်။

အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ က ဦးလှသိန်းကလည်း စစ်တွေမှာ ရှိတဲ့ မွတ်စလင် အမျိုးသား တွေကို မဲပေးခွင့်မပေးပဲ အကြာကြီး တားထား ခဲ့တဲ့ အတွက် လူ ၁၅၀၀ လောက် မဲပေးခွင့် မရခဲ့ဘူး လို့ ဘီဘီစီကို ပြောသွား ပါတယ်။