ကြိုတင်မဲ မသမာမှုကို ပြန်လည်စီစစ်ဖို့ NDF က တောင်းဆို

  • 10 နိုဝင်ဘာ 2010
NDF
Image caption ကြိုတင်မဲ က လိုရင် လိုသေလောက် ရတဲ့ ပုံ လို့ NDF ပြော

NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ က ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ သူတို့ ကိုယ်စားလှယ်တွေ ရှုံးပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက နိုင်ရ တာဟာ အစိုးရရဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဘက်မှာ လိုသလောက် ရနိုင်တဲ့ ကြိုတင်မဲ တွေကြောင့် ဖြစ်တယ်၊ ဒီလို မဲသမာမှုတွေကို အရေးယူ ဆောင်ရွက် ပေး ဖို့ တင်ပြမယ် လို့ ပြော ပါတယ်။

NDF ပါတီ ကိုယ်စားလှယ်တွေ ဝင်ရောက် ယှဉ်ပြိုင်တဲ့ နေရာတိုင်းမှာ လိုလို အားလုံး မဲရုံတိုင်းမှာ မဲတွေ ရေတွက်ပြီးတဲ့အခါ ပေါ်လာတဲ့ အနိုင်အရှုံး စာရင်းကို သူ့ဘက် ကိုယ့်ဘက် ကိုယ်စားလှယ်တွေ မှတ်တမ်းမှတ်ရာ နဲ့ တိုက်ကြည့် တဲ့ အခါ ၈၅ ရာခိုင်နှုန်း လောက် အနိုင်ရထား တာ ရှိတဲ့ အကြောင်း၊ ဒါပေမယ့် လည်း ကြိုတင်မဲတွေ ထပ်ပြီး ဖြည့်လိုက်တော့ ပြည်သူပေးတဲ့ မဲမှာ နိုင်ထားတဲ့ NDF အနေနဲ့ ကြိုတင်မဲကြောင့် ရှုံးသွားရတာ ဖြစ်တယ်လို့ ဦးခင်မောင်ဆွေ က ပြောပါတယ်။

ဒီလို ပြည်သူ က ပေးတဲ့မဲထက် ကြိုတင်မဲ က လွှမ်းမိုးနိုင်လောက်အောင် ဘာကြောင့် ဖြစ်ရသလဲ ဆိုတော့ မဲတွေ ရေတွက်ပြီးတဲ့ အခါ NDF က မဲ ၁၀၀၀ လောက် သာပြီ ဆိုရင် ကြိုတင်မဲက ၃၀၀၀ လောက် ရောက်လာတဲ့ အကြောင်း NDF က မဲ ၅၀၀၀ လောက် သာတယ် ဆိုရင် ကြိုတင်မဲက ၁၀၀၀၀ လောက် ရောက်လာတဲ့ အကြောင်း ဒါဟာ အဆင်သင့် ထုတ်ပိုးထားတဲ့ ကြိုတင်မဲတွေ ဖြစ်တဲ့ အကြောင်း တချို့ ကြိုတင်မဲတွေ ဆိုရင် အိတ်နဲ့တောင် မထည့်တော့ပဲ ငွေစက္ကူတွေ လို ထပ်ပြီး ကြိုးနဲ့စည်း လာတဲ့ အကြောင်း ဒါကြောင့်မို့ ကြိုတင်မဲ ဟာ လိုသလောက် ရနိုင်တဲ့ သဘောပဲ လို့ ဦးခင်မောင်ဆွေ က ဘီဘီစီကို ရှင်းပြ ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေ နဲ့ ဒီလို လုပ်သွားတဲ့ အတွက် ပြည်သူ့ဆန္ဒ အမှန်အကန် မရလို့ မမှန်မကန် ကောက်ယူထားတဲ့ ကြိုတင်မဲတွေ ပယ်ဖျက် ပေးဖို့ ရွေးကောက် ပွဲ ကော်မရှင်ကို NDF အနေနဲ့ တောင်းဆို သွားမယ့် အကြောင်း ပြောပါတယ်။