G 20 ညီလာခံ

  • 11 နိုဝင်ဘာ 2010
G20
Image caption ထိပ်သီး ညီလာခံ တက်ဖို့ ရောက်လာ တဲ့ တရုတ် သမ္မတ

တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တော် မှာ G 20 ထိပ်သီး ညီလာခံ ကို တက်ရောက်ဖို့ နိုင်ငံ ခေါင်းဆောင်တွေ ရောက်လာ နေကြ ပါပြီ။

အခု လုပ်မယ့် G 20 ထိပ်သီး ညီလာခံ မှာ ကမ္ဘာ့ စီးပွားရေး ကိစ္စ၊ ကမ္ဘာတဝှမ်းက ငွေကြေး စံနစ် ကိစ္စ ကို အဓိက ဆွေးနွေးဖို့ စီစဉ် ထားပါတယ်။

ဒါပေမဲ့ G 20 ထိပ်သီး ညီလာခံ မစခင် ကတည်း က အမေရိကန် နဲ့ တရုတ်အကြား တရုတ် နိုင်ငံသုံး ငွေကြေး ယွမ်တန်ဘိုး နဲ့ ပတ်သက်လို့ အငြင်းပွား နေကြ တာတွေ၊ နှစ်နိုင်ငံကြား ကုန်သွယ်မှု မညီမျှတာကြောင့် စကားများ နေတဲ့ကိစ္စတွေ က ဒီညီလာခံ ကို လွှမ်းမိုး သွားလိမ့်မယ် လို့ စိုးရိမ် နေကြ ပါတယ်။

တရုတ်တို့ဟာ ယွမ် ငွေ တန်ဘိုး ကို တမင် လျှော့ သတ်မှတ်ပြီး ကုန်သွယ်ရေး အမြတ် ရအောင် လုပ်နေတယ် လို့ အမေရိကန် တို့က ပြောနေပြီး ယွမ်တန်ဘိုး ကို မြှင့် ပြီး သတ်မှတ်ဖို့ တောင်းဆို နေတာ နဲ့ ပတ်သက်လို့ ၂နိုင်ငံ စကားများ နေကြ ပါတယ်။

ဒါပေမယ့် လောလောဆယ်မှာ အမေရိကန် ဗဟိုဘဏ်က ဒေါ်လာ ဘီလီယံ ၆၀၀ ထည့်ပြီး စီးပွားရေး မြန်မြန် နလန်ထူအောင် လုပ်ဖို့ ကြိုးစား တာ ဟာလည်း တနည်း အားဖြင့် ဒေါ်လာ ငွေတန် ဘိုးကျအောင် လုပ်တာလို့ အချို့က ပြောနေ ကြပါတယ်။

ဒီတော့ တရုတ်ရော အမေရိကန်ပါ နှစ်နိုင်ငံ စလုံးဟာ သူတို့ရဲ့ ငွေကြေး တန်ဘိုးတွေကို တမင်လျှော့ ပြီး သူတို့ကုန်ပစ္စည်းတွေကို ပြိုင်ရောင်း နိုင်အောင် လုပ်နေကြ တယ် လို့ နိုင်ငံတကာ က ပြောဆို ဝေဖန် နေကြ ပါတယ်။

အမေရိကန်ဘက် ကတော့ ဒေါ်လာကို အားနည်းအောင်လုပ်ပြီး စီးပွားရေး တိုးတက် လာအောင် လုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းပါတယ်။

ဒီ ညီလာခံ ကနေ အရှည် တည်တံ့တဲ့ စီးပွားရေး တိုးတက်မှုအတွက် အားလုံး တညီတညွှတ်တည်း ဆုံးဖြတ် နိုင်ကြလိမ့်မယ်လို့ G 20 ညီလာခံ အကြို တောင် ကိုရီးယား သမ္မတ နဲ့ ပူးတွဲ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ အမေရိကန် သမ္မတ အိုဘားမား က ပြော ပါတယ်။