ဒေါ်စု လွှတ်ပေးရေး ကိစ္စ သေချာစွာ စီစဉ်သင့်

  • 12 နိုဝင်ဘာ 2010
dassk_released_2010
Image caption ဒေါ်စု လွတ်လာမှာ ကို လူတွေ ထောင်နဲ့ ချီပြီး NLD ရုံးချုပ် က စောင့်မျှော် နေကြ

ဒေါ်အောင်ဆန်း စုကြည် လွှတ်ပေးရေး အစီအစဉ် နဲ့ ပတ်သက်ပြီး အာဏာပိုင် တွေ အနေနဲ့ သေချာ စီစဉ် ပေးသင့်တယ် လို့ NLD ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးဝင်းတင် က ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ကျခံနေရတဲ့ အိမ်ချုပ် သက်တမ်း က နိုဝင်ဘာ ၁၃ ရက် နေ့ စနေနေ့ မှာ ပြည့်တော့မှာ ဖြစ်တဲ့ အတွက် NLD ပါတီဝင် တွေ အပါအဝင် လူအများ အပြား က ဒေါ်စု လွတ် အလာ ကို မျှော်လင့် နေကြတဲ့ ကာလမှာပဲ ဒီနေ့ သောကြာ နေ့မှာ ဒေါ်စု လွှတ်ပြီ ဆိုတဲ့ သတင်း တွေ ပျံ့နှံ့ ထွက်ပေါ် လာတဲ့ အတွက် လူတွေ ဟာ ဒေါ်စု ခြံရှေ့ မှာကော၊ NLD ရုံးမှာပါ သွားရောက် စောင့်ဆိုင်း နေခဲ့ကြ ပါတယ်။

အဲဒီလို သွားရောက် စောင့်ဆိုင်း ကြတဲ့ လူတွေ စုစုပေါင်း ထောင်နဲ့ချီ ရှိကြောင်းလည်း သိရပါတယ်။

ဒေါ်အောင်ဆန်း စုကြည် လို နိုင်ငံရေး အရ ဂုဏ် သိက္ခာ ကြီးမားတဲ့ နိုင်ငံရေး စွမ်းအား ကြီးမား တဲ့ ပုဂ္ဂိုလ်မျိုး အတွက် ဘယ်အချိန် ဘယ်လို လွှတ်ပေးမယ်၊ သူ့ကို လာတွေ့ ကြမယ့် လူအုပ် ဖြစ်လာရင် လုံခြုံရေး က ဘယ်လို စီမံ ထားတယ် စတဲ့ လိုအပ်ချက် တွေ ကို စနစ် တကျ လုပ်ဆောင် ပေးဖို့ လို ကြောင်း ဦးဝင်းတင် က ထောက်ပြ ပါတယ်။

ဒေါ်စု လွတ်လာပြီ ဆိုတဲ့ သတင်းတွေ ပေါ်လာပြီး လက်တွေ့မှာ မလွတ်လာ သေးတဲ့ အပေါ် စိတ်ပျက် ကြပေမယ့် မနက်ဖြန် စနေနေ့ မှာ လွတ်လာ မှာပါလို့ မျှော်လင့် နေကြ ပါ တယ်။