ဒေါ်စု ဒီနေ့လွတ်မယ်လို့ ယူဆရ

  • 13 နိုဝင်ဘာ 2010
Image caption ဒေါ်အောင်ဆန်းစုကြည် ဒီနေ့လွတ်မလား

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် ဖေါက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာစစ်အစိုးရက ချခဲ့တဲ့ ပစ်ဒဏ် အိမ်ချုပ် ၁၈ လ ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်မှာ ပြည့်ပါပြီ။

ပစ်ဒဏ်သတ်မှတ်ရက်စေ့ရင် ဥပဒေအရ ပြန်လွှတ်ပေးရမှာ ဖြစ်တယ်လို့ ဥပဒေ ပညာရှင် ဦးအောင်သိန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်စုကြည်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာက အကြိမ်ကြိမ် တောင်းဆိုနေခဲ့တာပါ။

ပြည်တွင်းမှာလည်း မနေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မယ် လွတ်ပြီ စတဲ့သတင်းတွေ ကြောင့် ပြည်နယ်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူ အမျာအပြား ရန်ကုန်ကိုဆင်းလာပြီး စောင့်မျှော်ကြိုဆိုခဲ့ကြပါတယ်။

မနေ့က လွတ်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့် လွတ်မလာ သေးတာကြောင့် ဒီနေ့မှာတော့ လွတ်လာ လိမ့်လို့ သူ့တို့က ဆက်လက်ပြီး မျှော်လင့်စောင့်စား နေကြပါတယ်။

NLD အမှုဆောင် ဦးဝင်းတင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ လွှတ်ကို လွှတ်ရမှာ ဖြစ်ကြောင်း မနေ့ညက သတင်းထောက်တွေကို ပြောပါတယ်။

၂၀၀၉ ခုနှစ် မေလက အမေရိကန်နိုင်ငံသား ဂျွန်ယက်တောဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကို မဖိတ်ကြားပဲ ခိုးဝင်ရာကနေ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ် စည်းကမ်းဖေါက်ဖျက်မှုနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြစ်ဒဏ် တဝက် လျှော့ပေးကာ အိမ်ကျယ်ချုပ်နဲ့ နေဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နှစ်ဆယ့်တစ်နှစ် အတွင်းမှာ ၁၅ နှစ်လောက် အချိန် ကာလကို နေအိမ် အကျယ်ချုပ်နဲ့ ကုန်လွန် ခဲ့ရတာ ဖြစ်ပါတယ်။