ဒေါ်စု လွတ်မြောက်မှုအတွက် ဗြိတိန် ဝန်ကြီးချုပ် ကြိုဆို

  • 16 နိုဝင်ဘာ 2010
Image caption ပါလီမန်မှာ မိန့်ခွန်းပြောနေတဲ့ David Cameron

နောက်ဆုံးမှာတော့ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန် လွှတ်တော်တခုလုံးက ကျွန်တော်နဲ့အတူ ကြိုဆိုကြမယ်ဆိုတာ အသေအချာ ပြောနိုင်ပါတယ်လို့ ဗြိတိန် ဝန်ကြီးချုပ်က အောက်လွှတ်တော်မှာ ပြောကြား သွားခဲ့ပါတယ်။

မတရားမှုကို ရင်ဆိုင်ရဲတဲ့ သူမရဲ့ သတ္တိနဲ့ ဇွဲကိုတော့ တကယ့်ကို အားကျမိပါတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဗြိတိန်ပြည်သူ တရပ်လုံးကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို ကြိုဆိုကြောင်းနဲ့ သူမရဲ့ အားကျဖွယ် သတ္တိ၊ တည်ငြိမ် ရဲရင့်မှုနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ အပေါ် ချီးကျူးလေးစားပါတယ်လို့ တနင်္လာနေ့ အစောပိုင်းက မစ္စတာ ကင်မရွန်က ဒေါ်အောင်ဆန်းစုကြည် ဆီကို ဖုန်းဆက် ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

မြန်မာနိုင်ငံက ဒီမိုရေစီအရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ အပေါ် ဗြိတိန် နိုင်ငံရဲ့ ကြီးမားတဲ့ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့ကြောင်း သိရပါတယ်။

Image caption ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အကြီးအကဲ Navi Pillay

တခါ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အကြီးအကဲ Navi Pillay ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာတာဟာ မြန်မာ စစ်အစိုးရရဲ့ ဒီမိုကရေစီနဲ့ အမျိုးသား ရင်ကြားစေ့ရေးမှာ အပြု သဘောဆောင်တဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာဂါဝါကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက် လာသင့်တာ ကြာပါပြီ အခုလို လွတ်လာတဲ့ အတွက် မြန်မာ့ ဒီမိုကရေစီ အရေးမှာ အရေးပါတဲ့ တိုးတက်မှု တရပ် အနေနဲ့ ကြိုဆိုပါကြောင်း တနင်္ဂနွေနေ့တုန်းက ပြောသွားခဲ့ပါတယ်။

အခုတော့ နောက်တဆင့်ဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ကျွန်တော်တို့ အလေးထား လုပ်ဆောင်ရမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

တခါ Asean Interparlimentary Myanmar Caucus အဖွဲ့ ဥက္ကဌ Iva Kusuma Sundari က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂၂ဝဝ ကျော်ဟာ ဆက်လက် အထိန်းသိမ်း ခံနေရဆဲ ဖြစ်တယ်လို့ သတိပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာ တွေဟာ ဒီမိုကရေစီ လမ်းကြောင်း အစစ်အမှန် ကိုသွားဖို့ အာမမခံဘူး ဆိုတာ ပြနေတယ်လို့ ဆိုပါတယ်။

Image caption ဂျပန် နိုင်ငံခြားရေး Mr. Seiji Maehara ကလည်း ကြိုဆို

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို ကြိုဆိုကြောင်း အက်စတိုးနီးယား နိုင်ငံခြားရေးဝန်ကြီးUrmas Paet ၊ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးMr. Seiji Maehara ၊ တောင်ဖရိက အစိုးရနဲ့ မဟတ္တမ ဂန္ဒီရဲ့ မြေး အယ်လာ ဂန္ဒီရဲ့ Gandhi Development Trust အဖွဲ့က ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။