NDF ခေါင်းဆောင်ပိုင်း ပြဿနာ တက်

  • 18 နိုဝင်ဘာ 2010
NDF
Image caption ခေါင်းဆောင်တွေအကြား ပြဿနာတွေ ကြုံနေရတဲ့ NDF

NDF အမျိုးသား ဒီမိုကရေစီ အင်အားစု အဖွဲ့ က နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင် ဦးသိန်းညွန့် ကို ပါတီ က ထုတ်ပယ် လိုက်တယ် လို့ ဆိုနေပြီး ဦးသိန်းညွန့် က တော့ သူဟာ ပါတီ ဒုတိယ ခေါင်းဆောင် တာဝန် ကို ဆက်ယူ သွားမယ် လို့ ပြောပါ တယ်။

ဦးသိန်းညွန့် ဟာ NDF ပါတီ ကို စတင် တည်ထောင်ခဲ့သူ သုံးဦး ထဲမှာ ပါခဲ့သူ ဖြစ်ပြီး၊ အခု နောက်ဆုံး ကျင်းပ ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မှာ သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက် ခံထား ရသူလည်း ဖြစ်ပါ တယ်။

သူ့ကို ပါတီတွင်း ကိစ္စတွေကို ပါတီ တွင်းမှာ မဖြေရှင်း ဘဲ သတင်း မီဒီယာ တွေကို ပြောဆိုခဲ့တယ်၊ ပါတီ ခေါင်းဆောင်တွေကို တရားစွဲမယ်၊ ရွေးကောက်ပွဲ ကော်မရှင် ကို တိုင်မယ် စသဖြင့် ခြိမ်းခြောက် ခဲ့တဲ့ အတွက် ပါတီ ခေါင်းဆောင်ပိုင်း အတွင်း မဲခွဲ ဆုံးဖြတ်ကာ သူ့ ကို ပါတီ က ထုတ်ပယ် ခဲ့ကြောင်း NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဘီဘီစီ ကို ပြော ပါတယ်။

ထုတ်ပယ်ခံရတဲ့ ဦးသိန်းညွန့် ကတော့ သူ ဟာ ပါတီ ရဲ့ ဒုတိယခေါင်းဆောင် နဲ့ ဘဏ္ဍာ ရေးမှူး လို့ ဆိုပေမဲ့ ပါတီ ကို ဘယ်က ငွေ တွေ ဘယ်လိုဝင်တာ မသိရ သလို၊ ဘယ်လို သုံးလိုက် သလဲ ဆိုတာကို လည်း မသိ ရဘူး လို့ ဆိုပါတယ်။

သူ့ အနေနဲ့ ပါတီ မှာ ခေါင်းဆောင် တဦး ဆိုတာ ကို ရွေးကောက်ပွဲ ကော်မရှင် က အသိ အမှတ်ပြု ထားသမျှ ပါတီ ခေါင်းဆောင် တဦး ဖြစ်တယ် လို့ ဆို ပါတယ်။

NDF ပါတီတွင်း ပြဿနာ ကနေ အဆုံးအဖြတ် က ရွေးကောက်ပွဲ ကော်မရှင် ဆီ ရောက်ရ တော့မယ့် အခြေ ဖြစ်နေတယ် လို့ ဘီဘီစီ သတင်းထောက် တဦး က ပြော ပါတယ်။