အနာဂတ်ဗျူဟာတွေ NATO ချမယ်

  • 19 နိုဝင်ဘာ 2010

မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့ လာမယ့် ဆယ်စုနှစ်အတွက် မဟာဗျူဟာချမှတ်ရေး ထိပ်သီးစည်းဝေးပွဲကို ပေါ်တူဂီ နိုင်ငံ၊ လစ္စဘွန်းမြို့မှာ ဒီကနေ့ကစပြီး နှစ်ရက်ကြာ ကျင်းပပါတော့မယ်။

Image caption NATO တပ်ဖွဲ့ဝင်တစ်ဦး

ဆိုက်ဘာ စစ်ပွဲတွေ အရေးနဲ့ တာဝေးပစ် ဒုံးလက်နက် ကာကွယ်ရေးစနစ် ကိစ္စတွေက ဒီအစည်းအဝေးမှာ အရေးကြီးမှာ ဖြစ်ပြီး ခေါင်းဆောင်တွေကြား အခက်အခဲတွလည်း ရှိနိုင်ပါတယ်။

စီးပွားရေးရော နိုင်ငံရေးအရပါ အကျပ်အတည်း အခက်အခဲတွေရှိနေတဲ့ အခုလို အချိန်အခါမှာ နေတိုးရဲ့ အနာဂတ်ဗျူဟာတွေ ချမှတ်ရေးမယ့် ဒီ အစည်းအဝေးဟာ အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ခေတ်သစ်ကာကွယ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကတော့ ဆိုခဲ့သလို နည်းပညာ အခြေပြုတဲ့ ဆိုက်ဘာစစ်ပွဲတွေနဲ့ တာဝေးပစ် ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုတွေပါ၊ နေတိုးအဖွဲ့ တခုလုံးနဲ့ ဆိုင်တဲ့ ဒုံးလက်နက် ကာကွယ်ရေး ကွန်ရက်ကတော့ ခေါင်းဆောင်တွေကြား သဘောညီမျှမှု ရမယ့် သဘော ရှိပါတယ်။

Image caption NATO ထိပ်သီးစည်းဝေးပွဲအတွက် လုံခြုံရေးတွေ တင်းကျပ်ထားပါတယ်

နေတိုးအတွက် အရေးကြီးတဲ့ စစ်ဆင်ရေး ဆောင်ရွက်မှု တခုဖြစ်တဲ့ အာဖဂန် နစ္စတန်နိုင်ငံနဲ့ ပတ်သက်ပြီး ဘယ်တော့ ဆုတ်ကြမလဲဆိုတဲ့ ကိစ္စကိုလည်း အတည်ပြု ဆုံးဖြတ်ဖို့ ရှိပါတယ်။ အခု သတ်မှတ်ထားတဲ့ ရက်အတိုင်းဆို ၂၀၁၄ ခုနှစ်မှာ အာဖဂန်နစ္စတန် လုံခြုံရေးတာဝန်ကို အာဖဂန်တွေ ကိုယ်တိုင်က လွှဲပြောင်း တာဝန်ယူကြရမှာ ဖြစ်ပါတယ်။

နေတိုး ဒုံးလက်နက် ကာကွယ်ရေးကိစ္စနဲ့ ပတ်သက်ပြီး အငြင်းအခုံ ဖြစ်ရမယ့် ကိစ္စတခုကလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ ၁၉၅၂ ခုနှစ်ကတည်းက နေတိုးအဖွဲ့ဝင် ဖြစ်ခဲ့တဲ့ တူရကီနိုင်ငံနဲ့ သက်ဆိုင် ပါတယ်။

တူရကီဟာ နေတိုးရဲ့တက်ကြွတဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး စစ်ရေး ကာလမှာ ဆိုဗီယက်နဲ့ သူ့မဟာမိတ်တွေကို ရင်ဆိုင်ခဲ့သလို စစ်ရေးလွန်ပြန်တော့လည်း အီရန်၊ အီရတ်နဲ့ ဆီးရီးယားက သဘောထား တင်းမာတဲ့ အစိုးရတွေနဲ့လည်း အတိုက်အခံ လုပ်ခဲ့ပါတယ်။ အခုတော့ တူရကီ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ဝန်ကြီးတွေပါတဲ့ အဖွဲ့ နေတိုး အစည်းအဝေးကို ရောက်နေပါပြီ။

Image caption NATO ထိပ်သီးစည်းဝေးပွဲ ကျင်းပရာ ခန်းမ

နေတိုး ဒုံးလက်နက် ကာကွယ်ရေးစနစ်မှာ အီရန်ကို ပစ်မှတ်ထားမှာကို တူရကီက မကြိုက်ပါဘူး၊ ဒါပေမဲ့ အမေရိကန်အတွက်ကတော့ အီရန်က အဓိက ပစ်မှတ်လို ဖြစ်နေပါတယ်။

ဒီအစည်းအဝေးမှာတော့ တူရကီဘက်က အလေးသာမယ့်ပုံရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒုံးလက်နက် ကာကွယ်ရေးစနစ်မှာ နိုင်ငံ တနိုင်ငံတည်းကိုပဲ ဦးတည်ထားတာမျိုးကို ခေါင်းဆောင်တွေက လုပ်လိမ့်မယ်လို့ မထင်ရလို့ပါလို့ အစ္စတန်ဘူလ်က ဘီဘီစီသတင်းထောက်က ပြောပါတယ်။

နောက်အရေးကြီးတဲ့ အချက်တခုကလည်း ဒီဒုံးလက်နက် ကာကွယ်ရေးစနစ်ရဲ့ အစိတ်အပိုင်းတရပ်ကို တူရကီမြေမှာ ထားမယ်ဆိုရင် တူရကီက ထိန်းချုပ်ခွင့် ရှိရမယ်လို့ တူရကီ အစိုးရက ယုံကြည်ထားပါတယ်။ တူရကီဝန်ကြီးချုပ်က ထိန်းချုပ်ခွင့် ရချင်တယ်လို့ ပြောပေမယ့် အမေရိကန် ကတော့ သဘောတူမယ့်ပုံ မရှိပါဘူး။

လက်ရှိအခြေအနေက စီးပွားရေး အကျပ်အတည်းကလည်း ရှိနေတော့ စရိတ်လျှော့ချတဲ့ အနေနဲ့ တူရကီမှာ အခြေစိုက်ထားတဲ့ ဒေသဆိုင်ရာ နေတိုးဌာနချုပ်ကို ပိတ်ပစ်ဖို့ အစီအစဉ်ကို မလုပ်ဖို့ တူရကီ ဝန်ကြီးချုပ်က နေတိုးကို ပြောဆိုဖို့ ရှိပါတယ်။

အီရန်အရေးနဲ့ ပတ်သက်ပြီး တူရကီနဲ့ အမေရိကန်ကြားမှာ အဖုအထစ်လေးတွေ ရှိခဲ့ပေမယ့်လည်း တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ လေကြောင်းအခြေစိုက်စခန်း ထားရှိတဲ့ အမေရိကန် အတွက်တော့ တူရကီဟာ စစ်ရေးမဟာမိတ် အဖြစ်ကတော့ ရှိနေဦးမှာပဲလို့ ဘီဘီစီသတင်းထောက်တွေက သုံးသပ်ပါတယ်။