ကြိုတင်မဲ မသမာမှု ကို အစိုးရ သတင်းစာ က ဖုံးကွယ် ရေးသား

  • 23 နိုဝင်ဘာ 2010
USDP
Image caption ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က ကြိုတင်မဲ မသမာမှုတွေ အများအပြား လုပ်ခဲ့ တယ်လို့ ဆိုကြ

၂၀၁၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲ တွေကို လိုသလို စံနစ်တကျ အသုံးချပြီး ပြည်ထောင် စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အနိုင်ရ အောင် လုပ်သွားခဲ့တာ အထင် အရှား ဖြစ်ကြောင်း ရွေးကောက်ပွဲ မှာ ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံ ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တွေ နဲ့ မဲဆန္ဒရှင် ပြည်သူ တွေက ပြော နေချိန် မှာပဲ ဒီလ ၂၀ ရက်နေ့ ထုတ် အစိုးရပိုင် ကြေးမုံ သတင်းစာ မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အနိုင်ရတာဟာ မဲဆန္ဒရှင်က နှလုံးသားနဲ့ ဦးနှောက် က စဉ်းစားပြီးမှ မဲပေးလို့ အနိုင် ရတာ ဖြစ်ကြောင်း နဲ့ ကြိုတင်မဲ ဟာ ဥပဒေနဲ့ အညီ ဖြစ်ကြောင်း ဆောင်ပါးရှင် တဦး က ရေးပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးအောင်သိန်း က ကော်မရှင် က ထုတ်ပြန်ထားတဲ့ ဥပဒေမှာ မကြာမီ ပြောင်းရွှေ့ရမယ့် ဝန်ထမ်း၊ ကျန်းမာရေး ချို့တဲ့သူနဲ့ အသက်အရွယ် ကြီးရင့်သူတွေကို ကြိုတင်မဲ ကောက်ယူ နိုင်တယ်လို့ ပြဌါန်း ထားပေမယ့် ဘယ်မှ ပြောင်းရွေ့ရတာမျိုး မရှိပဲ ရုံးမှာ ထိုင်နေတဲ့ ဝန်ထမ်း အားလုံး ကြိုတင်မဲ ပေးခဲ့ ကြရတဲ့ သဘော ရှိခဲ့ကြောင်း ဒါ့အပြင် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်တိုင် က ကြိုတင်မဲတွေ ကောက်ယူပြီး ကော်မရှင် လက်ထဲ အပ်တာမျိုး နဲ့ ကြိုတင်မဲ ကောက်ယူတဲ့ အခါ ကော်မရှင် ကိုယ်တိုင် ပါဝင်ခြင်း မရှိပဲ ကောက်ယူတာမျိုး တွေ ရှိတဲ့အကြောင်း မဲရုံမှာ ကြိုတင်မဲ အရေ အတွက်၊ မဲထည့် နိုင်သူ အရေအတွက်ကို ဖေါ်ပြထားခြင်းမရှိပဲ ကော်မရှင် ရုံးကျမှ ကြိုတင်မဲ ကို လိုသလောက် ထပ်ပေါင်း ထည့်တာမျိုး တွေဟာ ကြိုတင်မဲ ဥပဒေ စည်းကမ်း နဲ့ လုံးဝ မညီညွတ်တဲ့ အချက်တွေ ဖြစ်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

အစိုးရပိုင် သတင်းစာ ထဲမှာ ကြိုတင်မဲ တရားဝင်တယ် လို့ ဆောင်းပါး ရေးသား ခွင့်ပြုတာ ကလည်း ကြိုတင်မဲ မသမာမှုကို အာဏာပိုင် တွေက ဖုံးကွယ်ဖို့ ကြိုး စားတာ ဖြစ်တယ် လို့ အများ က သုံးသပ်ကြ ပါတယ်။