အစိုးရ သတင်းစာ က HIV ရိပ်သာ ရွှေ့ဖို့ ပြော

  • 24 နိုဝင်ဘာ 2010
suukyi_hiv
Image caption ဒေါ်စု သွားရောက် ပြီး HIV ဝေဒနာရှင် တွေကို နှုတ်ဆက် စဉ်

တောင်ဒဂုံ က HIV အိမ် ရိပ်သာ ဟာ ကျန်းမာရေး အရ မညီညွတ်တာမို့ ဝေဒနာရှင် တွေ ဆေးရုံ ကို ရွှေ့ ဖို့ သတင်းစာ ထဲမှာ ရေးသားထားတဲ့ အချက် တွေ အပေါ် အဲဒီ ရိပ်သာ ကို တာဝန်ယူ ဖွင့်လှစ် ထားတဲ့ NLD လူငယ်တွေ က ငြင်းချက် ထုတ်လိုက် ပါတယ်။

အဲဒီ အိမ် ရိပ်သာ မှာ HIV ဝေဒနာရှင် တွေ ကို ထားတာဟာ တီဘီ လိုရောဂါမျိုးတွေ ပျံ့နှံ့ နိုင်တာမို့ ဝေဒနာရှင် တွေကို ဆေးရုံ ကို ရွှေ့ဖို့ ကျန်းမာရေး ဌာန က ဆရာဝန် တွေ အနေနဲ့ အဲဒီ အိမ်ရိပ်သာ ကို တာဝန်ယူ ထားတဲ့ သူတွေကို ဆွေးနွေးမှုတွေ လုပ်ခဲ့တယ် လို့ ရေးသားထားတဲ့ ဗုဒ္ဓဟူးနေ့ထုတ် ကြေးမုံ သတင်းစာထဲက သတင်း အပေါ် တီဘီ ရှိတဲ့ ဝေဒနာရှင် တွေ အနေနဲ့ တီဘီဆေး ကို ကုထုံး အတိုင်း သောက်ထားပြီး ဖြစ်တဲ့ အတွက် အခြားတဦး ကို ကူးစက်ဖို့ ရာ မဖြစ်နိုင်ကြောင်း အဲဒီ အိမ်ရိပ်သာ ကို အဓိက တာဝန်ယူ သူ တဦးဖြစ်တဲ့ NLD လူငယ် ကိုရာဇာ က ပြောပါတယ်။

ဝေဒနာရှင် တွေကို ဆေးရုံ ကို လိုအပ်ရင် ပို့ရတာ ဟာ ထုံးစံ ဖြစ်ပြီး သူတို့ လည်း ပို့ ကြောင်း၊ မလိုအပ် တဲ့ အချိန် မှာ တော့ ဝေဒနာရှင် တွေဟာ ဆေးရုံ လိုနေရာမျိုး မှာ နေရတာ ထက် အခုလို အိမ် မှာ နေရတာ က သူတို့ အတွက် ပို နေပျော်ဘွယ် ရှိ တဲ့ အတွက် ဒီ ဝေဒနာရှင် တွေ ဟာ အခု သူတို့ ဖွင့်ထားတဲ့ အိမ်မှာ နေလိုတာ ဖြစ်ကြောင်း လည်း သူ ကရှင်းပြ ပါတယ်။

အဲဒီ အိမ်ရိပ်သာ ကဝေဒနာရှင် အများစု ဟာ နယ်က တက်လာကြတဲ့သူတွေ ဖြစ်တဲ့ အတွက် သူတို့ အတွက် လိုအပ်တဲ့ ဆေးဝါး အပြင် တခြား အစားအသောက် လိုအပ်မှု ကို လည်း ဒီအိမ် ကထောက်ပံ့ တဲ့ အတွက် ဆေးရုံ မှာ နေမယ့် အစား အိမ်မှာ နေဖို့ ရွေးချယ် ကြတာ လို့ လည်း သိရပါတယ်။

တောင်ဒဂုံ ကအဲဒီ HIV အိမ် ရိပ်သာ ကို ပြီးခဲ့တဲ့ ရက်ပိုင်း က မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကာ ဝေဒနာရှင် တွေကို သွား ရောက် အားပေးခဲ့ပြီး နောက်ပိုင်း အဲဒီ အိမ်မှာ နေထိုင် နေတဲ့ ဝေဒနာရှင် တွေ အတွက် ဧည့်စာရင်း တိုင် နေထိုင်ခွင့် ကို အာဏာပိုင် တွေက တိုး မပေးတော့ ပဲ နိုဝင်ဘာ ၂၅ ရက်မှာ နောက်ဆုံးထားပြီး အဲဒီ အိမ် က ဝေဒနာရှင် တွေ ထွက်ခွာကြဖို့ ညွှန်ကြားထား ပါတယ်။

အစိုးရ ဆေးရုံ တွေက ဝေဒနာရှင် တွေရဲ့ လိုအပ်ချက် ကို မဖြည့်ဆည်း နိုင်တဲ့ အတွက် အခုလို ခိုလှုံရာ အိမ်တွေ ကိုရောက်လာတာဖြစ်ကြောင်း နဲ့ HIV အရေး ကို အမျိုးသားရေး လို အားလုံး က ဝိုင်းဝန်း ဖြေရှင်း ဖို့ လို တဲ့ အချိန် မှာ အခုလို သူတို့ ရဲ့ဆောင်ရွက် မှု ကို အစိုးရပိုင်း က ပစ်ပယ်တာ ဟာ မဖြစ်သင့်တဲ့ အဖြစ် လို့ NLD လူငယ် ကိုရာဇာ ကမှတ်ချက် ပေးပါတယ်။

အခုလို အာဏာပိုင်တွေ ဘက် က တောင်ဒဂုံ က HIV အိမ် ရိပ်သာ ဖိအားတွေ ပေးလာတာ ဟာ မြန်မာပြည် မှာ ပြုစုကုသ စောင့်ရှောက်ဖို့ လိုအပ်နေတဲ့ HIV ဝေဒနာရှင် တွေ အများအပြား ရှိနေတဲ့ အချက် ကို ဖုံးကွယ် လိုတဲ့ ခြေလှမ်း လို့ သုံးသပ် နေကြ ပါတယ်။