တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရာထူးကနှုတ်ထွက်

  • 25 နိုဝင်ဘာ 2010
Image caption နှုတ်ထွက်စာကို သမ္မတ လီမြှောင်ဘက်က လက်ခံ လိုက်ပြီလို့ သိရပါတယ်

မြောက်ကိုးရီးယား တပ်ဖွဲ့တွေက တောင်ကိုးရီးယား ကျွန်းတခုပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ၂ ရက် အကြာမှာတော့ တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီး ကင်မ်ဒေးယုံဟာ ရာထူးကနေ နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

မြောက်ကိုးရီယားရဲ့ အခုလို အမြောက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကို တောင်ကိုးရီးယား ဘက်ကနေ လုံလောက်တဲ့ စစ်ရေးအရ တုန့်ပြန်မှု တွေ မလုပ်ခဲ့ဘူးဆိုပြီး မစ္စတာကင်မ်ဟာ ဝေဖန် မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ အခုတော့ သူတို့ရဲ့ Rules of Engagement စစ်ဖက်ဆိုင်ရာ တိုက်ခိုက်ရေး စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲတော့မှာ ဖြစ်ပြီး၊ တိုက်ခိုက်ခံခဲ့ရတဲ့ ကျွန်းပေါ်မှာ တပ်ဖွဲ့ ဝင်တွေ တိုးချထားမှာ ဖြစ်တယ်လို့ပြောပါတယ်။

ပြဿနာ ဖြစ်ရာဇုံဖြစ်တဲ့ အနောက်ဖက် ကမ်းရိုးတန်း နေရာမှာ မရိန်းတပ်သားတွေကို လျှော့လိုက်မယ်ဆိုတဲ့ အရင် ကာကွယ်ရေး ဝန်ကြီးရဲ့ အစီအစဉ်ကို ပယ်လိုက်ပြီး မြေပြင် တပ်အင်အားတွေ အပါအဝင် တပ်အင်အားတွေ ကို သိသိသာသာ တိုးချတော့မယ့် အကြောင်း တောင်ကိုရီးယား အစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောတာ ဖြစ်ပါတယ်။

Image caption တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေး လေ့ကျင့်မှုကို တရုတ်စိုးရိမ်

နောက်ပြီး တောင်ကိုရီးယား ရေတပ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ အတွက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစီး ကလည်း အဲဒီ ဒေသတွင်းကို ဦးတည်ခုတ်မောင်း လာနေပါပြီ။

ဒီအပတ်ကုန်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေး လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းကို တရုတ်တို့က ခုချိန်မှာ ထုတ်ဖေါ်ပြောဆိုလာ ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က မြောက်ကိုရီးယားတို့ အမြောက်တွေနဲ့ ပစ်ခတ်လို့ တောင်ကိုရီးယား အရပ်သား ၂ ဦး နဲ့ မရိန် တပ်သား၂ ဦး သေဆုံးခဲ့ရပြီး နောက်ပိုင်း အခုလို ၂ ဘက် စစ်ရေး အရ တင်းမာမှုတွေ ဖြစ်နေတာပါ။

မြောက်ကိုရီးယားဘက်ကလည်း တောင်ကိုရီးယားက စစ်ရေ အရ ရန်လိုတဲ့ သဘောတွေ ထပ်ပြရင် သူတို့ကလည်း တိုက်ခိုက်မှုတွေကို တိုးမြှင့်မယ်လို့ ဆိုနေ ပါတယ်။

ဒီနေရာမှာ ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းကို တောင်ကိုရီးယားက ရွေးရင်လည်း မြောက်ကိုရီးယားလို နိုင်ငံကထပ်ပြီး စစ်ရေး တုန့်ပြန်မှုတွေ တိုးလာမယ်လို့ သုံးသပ်ကြမှုတွေ ရှိပါတယ်။

Image caption တောင်ကိုရီးယား အရပ်သား ၂ ဦး နဲ့ မရိန်း တပ်သား၂ ဦး သေဆုံးခဲ့ရပါတယ်

တဖက်မှာလည်း အရင်ကတည်းက ၂ ဖက် ဖြစ်လာတဲ့ ပြဿနာတွေကို တောင်ကိုရီးယားနဲ့ အနောက်အုပ်စု နိုင်ငံတွေက သံတမန်ရေး လမ်းကြောင်းတွေနဲ့ ချဉ်းကပ်မှုတွေ လုပ်ခဲ့တာ ကလည်း မြောက်ကိုရီးယားကို လိုက်ပါလာ နိုင်အောင် လုပ်လို့ မရခဲ့ပါဘူး။

ဒီတော့ အခု ၂ နိုင်ငံ ကြား စစ်ရေး ရင်ဆိုင်မှု အထိ ဖြစ်နေတဲ့ ပြဿနာကြီး ကိုဖြေရှင်းနိုင် ရေး စဉ်းစားတဲ့ လမ်းတွေက မြောက်ကိုရီးယားရဲ့ မဟာမိတ်နိုင်ငံလည်း ဖြစ်သလို သြဇာလည်း လွှမ်းနိုင်တဲ့ တရုတ် နိုင်ငံက ဒီအရေး ကြားဝင်နိုင်မလား သုံးသပ် သူတွေ တွေးဆနေကြပါတယ်။