တောင်ကိုရီးယား ဝန်ကြီး ရာထူးက နှုတ်ထွက်

  • 26 နိုဝင်ဘာ 2010
Korea
Image caption တောင်ကိုရီးယားကျွန်းကို မြောက်ကိုရီးယား ဘက်က ပစ်ခတ်ခဲ့စဉ်

တောင်ကိုရီးယားပိုင် ကျွန်းကို မြောက်ကိုရီးယားရဲ့ ပစ်ခတ်မှုကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရတဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်တေယန်း ရာထူးက နှုတ်ထွက် သွားပါတယ်။

သူ့ကို ရာထူးက နှုတ်ထွက်ပေးဖို့ အတိုက်အခံ အမတ်တွေတင် မက လက်ရှိ အာဏာရ ပါတီက အမတ်တွေကပါ ဝိုင်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဝန်ကြီးရဲ့ ကိုင်တွယ်ပုံမှာ ဘာကို မကြိုက်သလဲဆိုတာ အသေးစိတ် မထုတ်ပြန်ပေမဲ့ တောင်အစိုးရရဲ့ လက်ရှိ တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေနဲ့ ပတ်သက်နိုင်တယ်လို့ ထင်မြင်ချက် ပေးနေကြပါတယ်။

တောင်ကိုရီးယား အစိုးရရဲ့ လက်ရှိ rule of engagement ပစ်ခတ် တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေဟာ ပျော့လွန်းတယ်လို့ ဝေဖန်ခံနေရပြီးနောက် တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းကို ပြင်ဆင်မယ်လို့ အစိုးရက ပြောနေပါတယ်။

တောင်ကိုရီးယား အသံလွှင့်ဌာန ကေဘီစီကတော့ မြောက်ကိုရီးယားက စပစ်ရင် ထိမှန်မှု အတိုင်းအတာကို လိုက်ပြီး သူ့ထက် နှစ်ဆကနေ သုံးဆထိ ပြင်းတဲ့ အားနဲ့ ပြန်ပစ်ဖို့ တောင်းဆိုနေပါတယ်။

မြောက်ကိုရီးယားကတော့ မကြာခင်က ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ သူ့ဘက်က စပစ်တာ မဟုတ်ဖူးလို့ ပြောနေပါတယ်။

ပစ်ခတ်မှု ဖြစ်ချိန်မှာ တောင်ကိုးရီးယားက နယ်စပ်မှာ စစ်ရေး လေ့ကျင့်နေသလို မြောက်ကိုရီးယားဘက်က အမြှောက်ကျည် ကျတဲ့အချိန်မှာ တောင်ဘက်ကလည်း ပြန်ပစ်ပါတယ်။

မြောက်အစိုးရက အမေရိကန်ကိုလည်း ဒေသတွင်းမှာ တင်းမာမှု ဖြစ်အောင် သွေးထိုး နေတယ်လို့ စွပ်စွဲနေပါတယ်။

လောလောဆယ် တောင်ကိုရီးယားမှာ အမေရိကန် တပ်ဖွဲ့ဝင် နှစ်သောင်းရှစ်ထောင် တပ်စွဲထားပြီး မကြာခင် ပူးတွဲ စစ်ရေးလေ့ကျင်ဖို့ ရှိပါတယ်။

တရုတ်ကတော့ ခုစစ်ရေးလေ့ကျင့်မှု အတွက် စိုးရိမ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။