တောင်နဲ့မြောက်ကိုရီးယား ဆက်လက်တင်းမာ

  • 27 နိုဝင်ဘာ 2010
Image caption အဆတထောင်လောက် ပြန်ပြီး လက်စားချေ မယ်လို့ တောင်ကိုရီးယား မရိန်းတပ်မှူးပြော

တောင်ကိုးရီးယားဟာ သူတို့ရဲ့စစ်ရေး တပ်ဆင်မှုတွေကို အကာအကွယ်လုပ်ဖို့ အရပ်သားတွေကို လူသားဒိုင်းတွေ သဖွယ် အသုံးပြုနေတယ်လို့ မြောက်ကိုးရီးယားက စွပ်စွဲလိုက်ပါတယ်။

အင်္ဂါနေ့တိုက်ခိုက်မှုတွေမှာ တောင်ကိုရီးယား ၂ ဦး ယွန်ပြုံးကျွန်းပေါ်မှာ ဆုံးပါးသွားခဲ့တယ် ဆိုတာဟာ လူတွေကို ဒိုင်းအဖြင့် အသုံးချခဲ့ တာကြောင့်လို့ မြောက်ကိုးရီးယား အစိုးရ သတင်းဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုးရီးယားဟာ ဝါဒဖြန့်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို အရပ်သားတွေ သေတယ်ဆိုတဲ့ သတင်းကို အသုံးပြုနေတာဖြစ်တယ်လို့ မြောက်ကိုးရီးယားကပြောပါတယ်။ ဒီစွပ်စွဲချက်တွေ အပေါ် တောင်ကိုရီးယားလူထုက ဒေါသထွက်ခဲ့ ကြပါတယ်။

မြောက်ကိုးရီးယားရဲ့ တိုက်ခိုက်မှုကြောင့် တောင်ကိုးရီးယား မရိန်းတပ်သား ၂ ဦးနဲ့ အရပ်သား ၂ ဦးသေဆုံးသွားခဲ့ရတာပါ။

သေဆုံးသွားတဲ့ မရိန်းတပ်သား ၂ ဦးအတွက် နိုင်ငံတော် စျာပဏ ကျင်းပနေတာကို တောင်ကိုရီးယား ရုပ်မြင်သံကြားကနေ တိုက်ရိုက် ပြသခဲ့ပါတယ်။

မရိမ်းတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ယူနက်ခ်ဂျွန်က သူ့တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တဲ့အတွက် အဆတရာ အဆတထောင်လောက် ပြန်ပြီး လက်စားချေမယ်လို့ ပြောပါတယ်။

အခုတော့ အမြောက်နဲ့ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတဲ့ ကျွန်းပေါ်မှာ တောင်ကိုးရီးယားတို့က စစ်ရေး ပြင်ဆင်မှုတွေ လုပ်နေပါတယ်။

ကိုရီးယားကျွန်းစွယ် အနောက်ဘက် ပင်လယ်ဝါမှာတော့ အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ ဟာ ၄ ရက်ကြာ ရေတပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။