ကုလ အထူးသံတမန် ဒီနေ့ဒေါ်စုနဲ့ တွေ့မည်

  • 27 နိုဝင်ဘာ 2010
Image caption မစ္စတာ နမ်ဘီယာ

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီယာဟာ ဒီနေ့ မြန်မာနိုင်ငံကို ဆိုက်ရောက်မှာ ဖြစ်ပါတယ်။

သူဟာ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ နေ့လယ် သုံးနာရီ ကနေ လေးနာရီ အထိ တွေ့ဆုံဆွေးနွေးမယ် လို့ NLD ပါတီ က ပြောပါတယ်။

ဒီတွေ့ဆုံမှု ဟာဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး၊ ပဌမ ဆုံးအကြိမ် အဖြစ် အဆင့်မြင့် ကုလသမဂ္ဂ သံတမန် နဲ့ တွေ့မှာ ဖြစ်ပါတယ်။

မစ္စတာ နမ်ဘီးယား ဟာ အခြား ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီတွေ နဲ့လဲ တွေ့ဆုံဖို့ ရှိပါတယ်။

နောက်ပြီး နအဖ ထိပ်တန်း တာဝန်ခံတွေနဲ့ တွေ့ဆုံမယ်လို့ သိရပေမယ့် စစ်အစိုးရ အဖွဲ့ထဲက ဘယ်သူတွေနဲ့ တွေ့ခွင့်ရမလဲ ဆိုတာတော့ မသိရသေးပါဘူး။

နမ်ဘီယာဟာ အိန္ဒိယ နိုင်ငံသားဖြစ်ပြီး ကုလသမဂ္ဂ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဖူးပြီး တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ယူဆနေပါတယ်။

သူဟာ လက်ရှိမှာလဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရဲ့ တာဝန်ခံ အရာရှိချုပ် တာဝန်ကို ထမ်းဆောင်နေသူဖြစ်ပါတယ်။

သူဟာ မကြာသေးခင်ကပဲ အိန္ဒိယ၊ တရုတ်နဲ့ စင်္ကာပူနိုင်ငံတွေကို သွားရောက်ခဲ့ပြီး မြန်မာ နိုင်ငံနဲ့ဆိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မဲလိမ်မှုတွေရှိနေတယ်လို့ နိုင်ငံရေးပါတီတွေက ထုတ်ဖေါ်ပြောဆိုနေကြတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာစအချိန်၊ တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ နအဖ စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ အချိန်မှာ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအရေးကို ဘယ်လို ကဏ္ဍမျိုးကနေ ဝင်ရောက် လုပ်ကိုင် နိုင်မလဲ ဆိုတာ လာရောက် စူးစမ်းတာလို့ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂ ဆိုင်ရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

ဒီခရီးစဉ်ဟာ လမ်းပြန်ပွင့်စေတဲ့ ခရီးစဉ်ဖြစ်ပေမဲ့ အများကြီးကြိုးစားရအုံးမယ်လို့ သူကပြောပါတယ်။