အမေရိကန် တောင်ကိုးရီးယား ပူးတွဲစစ်လေ့ကျင့်

  • 28 နိုဝင်ဘာ 2010
Image caption အမေရိကန် တောင်ကိုးရီးယား ပူးတွဲ စစ်လေ့ကျင့်

ပြီးခဲ့တဲ့ အပတ်က တောင်ကိုရီးယားပိုင် ကျွန်းတကျွန်းကို မြောက်ကိုရီးယားက အမြှောက်နဲ့ ပစ်ခတ်ခဲ့တဲ့ အဖြစ်အပျက်ကနေ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှု မြင့်တက်ခဲ့ပြီးနောက် ခုမကြာခင် အချိန်ပိုင်း အတွင်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲ စစ်ရေး လေ့ကျင့်တော့မှာ ဖြစ်ပါတယ်။

၄ ရက်ကြာမဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တောင်မြောက် အငြင်းပွားနေတဲ့ ရေပိုင်နက်ရဲ့ တောင်ဘက် မိုင် ၇၀ လောက်အကွာမှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် လေယဉ်တင်သင်္ဘော ဂျော့ဝါရှင်တန်နဲ့ တခြားစစ်တပ်သင်္ဘော လေးစင်း၊ တောင်ကိုးရီးယား ဖျက်သင်္ဘောတွေ၊ ဖရီးဂိတ်သင်္ဘောတွေ နဲ့ ရေမြှတ်သင်္ဘောဖျက် လေယဉ်တွေ ပါဝင်ကြပြီး တကယ်ကျည်အစစ် ဗုံးအစစ်တွေနဲ့ လေ့ကျင့်ကြမှာဖြစ်ပါတယ်။

အမေရိကန် လေယဉ်တင်သင်္ဘောဟာ တရုတ်မြို့ကြီးတွေကို ပစ်ခတ်နိုင်တဲ့ အမြောက်တကမ်းနေရာမှာ စခန်းချထားမယ်လို့ ယူဆရပါတယ်။

ဒါကြောင့် တရုတ်တို့က သူတို့ ပိုင်နက်နယ်မြေနားကို သိပ်မကပ်ဖို့ အမေရိကန်တို့ကို သတိပေးနေပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက တမင် ရန်စတဲ့ လုပ်ရပ်လို့ ခေါ်ဆိုထားပြီး ဒီလုပ်ရပ်ကြောင့် ကိုရီးယား ကျွန်းဆွယ်မှာ စစ်ဖြစ်လာနိုင်တယ်လို့ ပြောနေပါတယ်။

တောင်ကိုးရီးယားစစ်ဘက်ရပ်ကွက်ကတော့ မြောက်ကိုးရီးယားတို့ အမြောက်နဲ့ ပစ်ခတ်ခဲ့မှု မတိုင်ခင်ကတည်းက ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ စီစဉ်ထားခဲ့တာလို့ ပြောပါတယ်။