၆နိုင်ငံ ဆွေးနွေးဖို့ တရုတ်တိုက်တွန်း

  • 28 နိုဝင်ဘာ 2010
South Korea
Image caption ပူးတွဲစစ်ရေး လေ့ကျင့်မှုဟာ ရန်စမှုလို့ မြောက်ကိုးရီးယားက ပြော

ကိုးရီးယား ကျွန်းဆွယ်မှာ အခြေအနေ တင်းမာလာနေချိန်မှာပဲ အရေးပါတဲ့ နိုင်ငံကြီးတွေ ပါတဲ့ အရေးပေါ် ဆွေးနွေးပွဲ တခု ကျင်းပဖို့ တရုတ်အစိုးရက ပန်ကြား လိုက်ပါတယ်။

မြောက်ကိုးရီးယား နျူးကလီးယား စီမံကိန်း ကိစ္စ ဆွေးနွေးနေတဲ့ ၆နိုင်ငံ က အဖွဲ့ဝင်တွေ ဒီဇင်ဘာလမှာ တွေ့ဆုံဆွေးနွေးကြဖို့ တရုတ် အစိုးရက အဆိုပြုခဲ့ပါတယ်။

အဲဒီ ၆နိုင်ငံထဲမှာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ ရုရှား၊ တောင်နဲ့ မြောက်ကိုးရီးယား နိုင်ငံတို့ ပါဝင်ပါတယ်။

တောင်ကိုးရီးယားကတော့ ဒီလို တွေ့ဆုံဖို့ ယတိပြတ် ကတိပေးတာမျိုး မလုပ်ခဲ့ပဲ တခြားနိုင်ငံတွေနဲ့ တိုင်ပင်အုံးမယ်လို့ ဆိုကြောင်း သတင်းထောက်တွေက ပြောပါတယ်။

တရုတ်အစိုးရအနေနဲ့ ကိုးရီးယား နှစ်နိုင်ငံစလုံးအပေါ် ပိုမျှတပြီး ပိုတာဝန်ခံတဲ့ ရပ်တည်မှုမျိုး ထားသင့်တယ်လို့ တောင်ကိုးရီးယားသမ္မတ လီမြူဘက်ခ် က တရုတ် ကိုယ်စားလှယ် တဦးကို အစောပိုင်းက ပြောခဲ့ပါတယ်။

ရန်စမှုလို့ မြောက်အစိုးရဖက်က ပြောနေတဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေကို အမေရိကန်နဲ့ တောင်ကိုးရီးယား တို့က လုပ်နေတဲ့အတွက် လက်ရှိမှာ ကိုးရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်မားနေဆဲ ဖြစ်ပါတယ်။

ကိုးရီးယား နှစ်နိုင်ငံအကြား အငြင်းပွားနေတဲ့ ရေကြောင်းပိုင်နက် ရဲ့ တောင်ဖက် မိုင်၇၀ အကွာ ပင်လယ်ဝါ ထဲမှာ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ ကို အမေရိကန်နဲ့ တောင်ကိုးရီးယား တို့ စလုပ် ပြီးပြီးချင်းမှာပဲ မြောက်ကိုးရီးယားဖက်က သူတို့ရဲ့ ရေပိုင်နက် ကျူးကျော်ခံရမယ် ဆိုရင် ပြန်လက်တုံ့ပြန်မယ်လို့ ပြောခဲ့ပါတယ်။