အမေရိကန် လျှို့ဝှက်သတင်းတွေ ဝီကီလိခ် ထုတ်ပြန်

  • 29 နိုဝင်ဘာ 2010
Image caption အမေရိကန်ရဲ့ လုံခြုံရေးအတွက် စဉ်းစာ စရာတွေ ဖြစ်နေပြီလား

အမေရိကန်နိုင်ငံရဲ့ ထောင်ပေါင်းများစွာ သော သံတမန်ဆိုင်ရာ လျှို့ဝှက် သတင်း အချက်အလက်တွေကို ဝီကီလိခ် ဝက်ဘ်ဆိုက် ကနေ ဆက်လက် ထုတ်ဖေါ် မှုတွေ ပြုလုပ်နေပါတယ်။

အာဖဂန်မှာ အမေရိကန်တို့နဲ့ ပတ်သက်နေတဲ့ အဂတိလိုက်စားမှုတွေ ကိုပါ ဝီကီလိက ဖွင့်ချ ခဲ့ပါတယ်။ သတင်းတပုဒ်မှာ ဆိုရင် အာဖဂန် ဒုသမ္မတဟာ ငွေသား ဒေါ်လာ ၅၂ သန်း သယ်ဆောင်လာတာကို အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က တွေ့ရှိခဲ့ တယ်လို့ဆိုပါတယ်။

ဒီတခေါက် ထုတ်ဖော်ချက်တွေမှာ အာဖဂန်မှာသမ္မတနဲ့ ညီအကို တော်သူ ကိုယ်တိုင်က မူးယစ်ဆေး မှောင်ခိုချ နေတာကို အမေရိကန်က သိထားပြီးသား ဆိုတာ တွေ့ရသလို ကုလသမဂ္ဂ အရာရှိကြီးတွေနောက်ကိုလည်း အမေရိကန် ထောက်လှမ်းရေးက လိုက်တဲ့ အကြောင်းတွေ အပါအဝင် သံတမန် ဆိုင်ရာ လျှို့ဝှက် အချက်အလက်တွေ အများကြီး ထွက်ခဲ့တာ ဖြစ်တဲ့အတွက် ရိုက်ခတ်မှုတွေက အတော်ကြီးမားပါတယ်။

အီ၇န်မှာ ရှိတဲ့ နျူကလီးယား အဆောက်အဦးတွေကို တိုက်ခိုက်ချေမှုန်းဖို့ ဆော်ဒီအာရေ ဗီးယားနိုင်ငံက အမေရိကန်ကို တိုက်တွန်းခဲ့တဲ့အချက်လည်းပါဝင်ပါတယ်။

၂၀၀၈ ခုနှစ်ကလည်း အစ္စရေးတို့ဟာ အီဂျစ်နဲ့ ပါလက်စတိုင်း အာဏာပိုင်တွေနဲ့ တိုင်ပင်ပြီးမှ ဂါဇာကို ရုတ်တရက် တိုက်ခင်ခဲ့တာကို အစ္စရေးတို့က အမေရိကန် အရာရှိတွေကို ပြောကြား ထားတာတွေလည်း ဖေါ်ပြထားပါတယ်။

အစိုးရတရပ်ရဲ့ လုပ်ဆောင်ချက် အတွင်းရေးတွေ ပါလာနေပြီဖြစ်တဲ့အတွက် အမေရိကန် အစိုးရ အဖို့ အလွန်တရာ မျက်နှာပျက်စရာ ကောင်းခဲ့ပြီလား ဒါမှမဟုတ် နိုင်ငံရဲ့ လုံခြုံရေးအတွက် စဉ်းစာစရာတွေ ဖြစ်နေပြီလား ဆိုတဲ့အထိတောင် ဖြစ်နေပါပြီ။

အမေရိကန် အစိုးရရဲ့ မဟာမိတ် အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းရဲ့ ညီအကို တော်စပ်သူ ကိုယ်တိုင်က မူးယစ်ဆေးဝါး မှောင်ခို ကုန်သွယ်ရေးကို လုပ်ဆောင် နေတာ၊ အဲဒီ ပုဂ္ဂိုလ် အာမက် ဝါလီခါဇိုင်းက ရဲတပ်ဖွဲ့ကို သြဇာလွှမ်းထားတာ စတာ တွေရှိနေတော့ ဘယ်လို လုပ်ပြီး အာဖဂန်မှာ လာဘ်စားမှုကို တိုက်ဖျက်ကြမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

Image caption ကမ္ဘာတလွှားက နိုင်ငံခေါင်းဆောင်တွေကို ဝေဖန် ထားတာတွေလည်း ထုတ်ပြန်

အစိုးရ အရာရှိ ထိပ်ပိုင်းတွေကအစ လာဘ်စား နေကြတော့ ဘယ်လို ဆက်လက် ဆောင်ရွက်ကြ မလဲ စတဲ့ စိုးရိမ်ချက် သဘောတွေ ပေါ်လွင်တဲ့ သံတမန်ရေး ဆိုင်ရာ ဆက်သွယ်ချက်တွေ ဝီကီလိခ်က တဆင့် ထွက်ပေါ်ခဲ့ပါတယ်။

ဒီသံတမန်ရေးဆိုင်ရာ ဆက်သွယ်ချက်တွေကို အာဖဂန်နစ္စတန် ဆိုင်ရာ အမေရိကန် သံအမတ် ကား အိတ်ကင်ဘာရီ အပါအဝင် အခြား အမေရိကန် သံတမန် တွေက သူတို့ အစိုးရ ကို အကြောင်းကြားခဲ့တာ ပါ။

ဒီလို အာဖဂန် အစိုးရပိုင်းရဲ့ လာဘ်စားမှုတွေရှိတာက တာလီဘန်တွေ လူသစ်စုဆောင်းရေး အတွက်ပိုအားဖြစ်စေတယ် ဆိုတာကို အာဖဂန်မှာ ရှိတဲ့ ပြည်သူအများ အပြားက ခံယူထား ပါတယ်။

ဒါပေမယ့်လည်း အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ သမ္မတ ဟာမစ် ခါဇိုင်းမှတပါး တခြားရွေးချယ်စရာ မရှိဘူးလို့ ဆုံးဖြတ်ထားတဲ့ပုံပါ။

ကုလသမဂ္ဂ မှာ တာဝန်ယူနေတဲ့ အမေရိကန် သံတမန်တွေ အနေနဲ့ ကုလသမဂ္ဂရဲ့ ထိပ်တန်း အရာရှိ တွေ၊ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေက သံတမန် တွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စုဆောင်းကြဖို့ အကြောင်းကြားချက် တွေကလည်း သူတို့နဲ့ မဟာမိတ် အဖြစ် လက်တွဲနေတယ်လို့ သတ်မှတ်နိုင်တဲ့ ဗြိတိန်လို နိုင်ငံကတောင် အံ့သြသွားနိုင်ပါတယ်။

အခု ဝီကီလိခ်ရဲ့ ထုတ်ပြန်လိုက်တဲ့ အချက်တွေက ဒီအရေးတွေတင် မကပါဘူး။ အီရန်အပေါ် အမေရိကန်ရဲ့ လုပ်ဆောင်မယ့် အချက်တွေ ပေါ်လွင်နေပါတယ်။

ကမ္ဘာအနှံ့ နိုင်ငံစုံနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ သဘောထားဆိုင်ရာ ဖော်ပြချက်တွေက လူအများ သိကုန်တဲ့အထိ ဖြစ်နေပါတယ်။ ဝီကီလိခ်ကလည်း လျှို့ဝှက်ရေး အချက်အလက် တွေကို ထပ်ပြီးထုတ်ဦးမယ် လို့လည်း ဆိုနေပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက် တုန်းကတော့ အစိုးရတွေက လျှို့ဝှက်ဆိုပြီး သတ်မှတ်လိုက်ရင် လျှို့ဝှက် အဆင့်အတန်းမှာ ထားကို ထားရပါတယ်။ အခုတော့ အဲဒီကာလက ကုန်ဆုံးသွားပြီ လားလို့တောင် တွေးစရာပါ။

သေချာတာကတော့ လျှို့ဝှက်ရေးလို့ ဆိုလိုက်တာဟာ အကောင်းဆုံးနည်းလမ်းတခု မဟုတ် တာ အသေအချာ ဖြစ်နေတာတော့ အခု ဝီကီလိခ်က ထုတ်ပြလိုက်တဲ့ အချက်အလက် စာရွက်စာတမ်း တပုံတပင် ကြီးက ဖော်ပြနေတာ ပါပဲလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။