မြန်မာနိုင်ငံ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

  • 30 နိုဝင်ဘာ 2010
COP 16 Mexico
Image caption COP 16 Mexico ညီလာခံ စတင်

မက္ကဆီကိုနိုင်ငံ ကန်ကူးမြို့မှာ မနေ့က စတင် ကျင်းပခဲ့တဲ့ COP 16 Mexico နိုင်ငံတကာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ ကျင်းပ နေပြီး ဒီ ညီလာခံ ကို ၁၂ ရက် ကြာ ကျင်းပ မှာပါ။

ကမ္ဘာ့နိုင်ငံ အများအပြား မှာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိပညာပေး လှုပ်ရှား ဆောင်ရွက်မှုတွေ ဆောင်ရွက်နေကြပြီး မြန်မာနိုင်ငံ အတွင်းမှာလည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ တခုဖြစ်တဲ့ FREDA အဖွဲ့ အနေနဲ့ လည်း တခြား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး NGO ၁၇ ခု နဲ့ ပူးတွဲပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး သင်တန်းတွေ လုပ်တဲ့အကြောင်း ရန်ကုန် အခြေစိုက် FREDA ရဲ့ ဒုတိယဥက္ကဌ ဦးအုန်း က ဘီဘီစီ ကို ပြောပါတယ်။

လူငယ်တွေ အနေ နဲ့ လည်း သဘာဝ ပတ်ဝန်းကျင် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင် လာနေတာ ကို တွေ့နေ ရတဲ့ အကြောင်း နဲ့ အစိုးရပိုင်းရဲ့ ဆောင်ရွက် လုပ်ကိုင် မှု အနေ နဲ့ လည်း တိုးတက်မှု ရှိတယ် လို့ ပြောရမှာ ဖြစ်ကြောင်း လည်း သူက ပြောပါတယ်။

ပင်လယ် ကမ်းနားဒေသ တွေမှာ သဘာဝ ဘေးအန္တရယ် ကြုံတွေ့ရတဲ့ အခါ ဒီရေတော လို အတားအဆီး မရှိလို့ အန္တရာယ်နဲ့ ပိုမိုကြုံတွေ့ ရတာဖြစ်လို့ ဒီရေတော စိုက်ပျိုးမှု တွေ လုပ်နေ တဲ့ NGO တွေကို သက်ဆိုင်ရာ ဒေသ က စစ်တိုင်းမှူး က တွေ့ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့တယ် လို့ ဦးအုန်း က ပြောပါတယ်။

မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေ အတွက် သဘာဝ ပတ်ဝန်းကျင် ပြုပြင် ထိန်းသိမ်း ရေး ဆိုင်ရာ သင်ရိုး ညွှန်းတမ်းတွေ ရေးဆွဲ တင်ပြ တာတွေ ရှိတဲ့ အကြောင်း နဲ့ အစိုးရ က လက်ခံ၊ မခံ ဆိုတာ မသိပေမယ့် တတ်နိုင် သလောက်တော့ ကြိုးပမ်း နေပါတယ် လို့လည်း ဦးအုန်း က ပြောသွား ပါတယ်။