အမျိုးသား အောင်ပွဲနေ့ နဲ့ အမျိုးသား ရင်ကြားစေ့ရေး

  • 1 ဒီဇင်ဘာ 2010
suu_kyi_national
Image caption ပြည်သူအားလုံး က ချမ်းမြေ့တဲ့ ဘဝ ကို လိုချင် ကြမှာပဲ လို့ ဒေါ်စု ဆို

အင်္ဂလိပ် နယ်ချဲ့ လက်အောက် က လွတ်မြောက် ရေး အတွက် မြန်မာပြည်သား တွေ တိုက်ပွဲဝင်ကြရာ မှာ စုပေါင်း ညီညွတ်စွာ ပေါင်းစည်း နိုင်ကြတဲ့ အထိမ်းအမှတ် ၊ ဖိနှိပ် သူ ကို အောင်မြင် နိုင်အောင် တော်လှန်ဖို့ တမျိုးသားလုံးကို အောင်စိတ်သွင်း ပေးခဲ့တဲ့ မှတ်တိုင် နေ့ရက် တွေအဖြစ် မြန်မာ့ သမိုင်း မှာ ကမ္ဗည်း တင် ခဲ့တဲ့ အထင်ကရ နေ့တွေ ထဲမှာ ဒီနေ့ ကျရောက်တဲ့ အမျိုးသား အောင်ပွဲနေ့ ဟာ အရေးကြီးနေ့ နေ့တနေ့ အဖြစ် ပါဝင် ပါတယ်။

ဒီလိုနေ့ မှာ စစ်အစိုးရ အနေနဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွေကို ကျင်းပတယ် ဆိုတဲ့ သတင်း တွေ မကြားရ ပေမယ့် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ တနိုင်ငံလုံး ကို ပါးတဲ့ စကား လို့ သတ်မှတ် နိုင်တဲ့ သဝဏ်လွှာ တစောင် ကို ဒီနေ့ထုတ် အစိုးရ သတင်းစာ တွေက ဖော်ပြထားပါတယ်။

သဝဏ်လွှာ ထဲမှာ ဗိုလ်ချုပ်မှူးကြီး က နိုင်ငံတော် ရှေ့ဆက်သွားမည့် လမ်းစဉ်မူဝါဒ ၇ ရပ် ကို ကြေညာ လုပ်ကိုင်ခဲ့တဲ့ နေရာမှာ အခု ပဉ္စမ အဆင့် ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက် ပွဲ တွေကိုကျင်းပ ပေးခဲ့ပြီ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် နဲ့ အညီ လွှတ်တော် ခေါ်ယူ ပေးရေး ဆိုတဲ့ ဆဌမ အဆင့်နဲ့ အဲဒီ လွှတ်တော် ကနေ ရွေးပေး မယ့် နိုင်ငံ့ အကြီး အကဲ၊ အစိုးရ အဖွဲ့ စတာ တွေ က နိုင်ငံကို ခေတ်မီ ဖွံ့ဖြိုး တိုးတက် သော ဒီမိုကရေစီ နိုင်ငံတော်သစ် ကို တည်ဆောက် သွားမယ် လို့ ရေး ထား ပါတယ်။

အမျိုးသားအောင်ပွဲနေ့ နဲ့ ပတ်သက်ပြီး အခမ်းအနားတွေကို NLD အပါအဝင် ဒီမိုကရေစီ ရေး လိုလားတဲ့ အဖွဲ့အစည်း တွေ က မြန်မာနိုင်ငံ က မြို့ တချို့မှာ ကြိုးစား လုပ်ဆောင် ခဲ့ကြတာ ကို တွေ့ရပြီး ရန်ကုန် NLD ပါတီ ရုံးချုပ်မှာ ကျင်းပတဲ့ အမျိုးသားအောင်ပွဲ နေ့ အခမ်းအနား ကို လူပေါင်း ၁၅၀၀ လောက် တက်ရောက်ခဲ့တယ် လို့ သိရပါတယ်။

အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် အမှာ စကား ပြောခဲ့ပြီး သူ က ပြည်သူတိုင်း က လုံခြုံတဲ့ လွတ်လပ်တဲ့ စိတ်ချမ်းသာတဲ့ ကြောင့်ကြရမှု ကင်းတဲ့ ဘဝ လို့ ဆိုတဲ့ ချမ်းမြေ့တဲ့ ဘဝ ကို လိုချင် ကြမှာပဲ။ ဒီလို ဘဝ ကို ပြည်သူ အားလုံး ခံစား ရရှိနိုင်အောင် တမျိုးသားလုံး စုစည်း ညီညွတ် ရမယ် လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံ ဖြစ်ပေါ်လာရေး အတွက် အမျိုးသား ပြန်လည် ရင်ကြားစေ့နိုင်ရေး လိုအပ်တယ်၊ ဒီ အတွက် စစ်အစိုးရ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ရေး ကို အမြဲတစေ တောင်းဆို ခဲ့တာပါ။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဒီနေ့ သဝဏ်လွှာ ထဲမှာ ဖော်ပြထားချက် ကတော့ သူတို့ လမ်းစဉ် မူဝါဒ ၇ ရပ် နဲ့ ပဲ မပြောင်းမလဲ ရှိနေ ဆဲပါ။

ဒီတော့ ၂ ဖက် သွားချင်တဲ့ လမ်းကြောင်းတွေက ခြားနားနေဆဲပါ။

NLD မိတ္ထီလာ မြို့နယ် ခေါင်းဆောင် ဒေါ်မြင့်မြင့်အေး ကတော့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ရဖို့ အတွက် NLD အပါအဝင် ဒီမိုကရေစီရေး အင်အားစု တွေ၊ တိုင်းရင်း သား အင်အားစု တွေ တစုတည်းရှိပြီး အားရှိပါမှ တဖက် က စစ်ခေါင်းဆောင် တွေ က တွေ့ဆုံ စကားပြောတာတွေ ဖြစ်လာ နိုင်မယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။