အမေရိကန်မှာ အစိုးရ အသုံးစရိတ် အကြီးအကျယ် ဖြတ်တောက်တော့မယ်

  • 2 ဒီဇင်ဘာ 2010
Image caption ကော်မရှင် ဥက္ကဌ Alan Simpson ကို သမ္မတ အိုဘားမာ လက်ဆွဲ နှုတ်ဆက်

အမေရိကန် ပြည်ထောင်စုရဲ့ ဘတ်ဂျက် လိုငွေပြမှုတွေနဲ့ နိုင်ငံ့ ကြွေးမြီတွေကို လျော့ကျ သက်သာအောင်လို့ နည်းလမ်း ရှာဖွေဖို့ သမ္မတ ဘာရက်အိုဘားမား ခန့်အပ်ထားတဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာ ပေါ်ထွက်လာပြီ။

လက်ရှိ အစိုးရထဲက နိုင်ငံရေး သမားတွေ အများစုပါတဲ့ အဖွဲ့ဝင် ၁၈ ဦးပါတဲ့ ကော်မရှင်က အခုအချိန်မှာ အကြွေးတွေ သက်သာအောင် လုပ်ဖို့၊ ဘတ်ဂျတ် လိုငွေ ပြတာ တွေကို လျော့ချဖို့ အကောင်းဆုံး အချိန်ဆိုတာ ကိုတော့ သဘောတူညီ ကြတယ်၊ ဒါပေမယ့် ဘယ်လို လုပ်မလဲဆိုတာကတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရ ကိုင်ရမယ့် သဘော ရှိနေပါတယ်။

အခု အစီရင်ခံစာ အရ တခြား စီးပွားရေး ပျက်ကပ်ဒဏ် ခံခဲ့ရတဲ့ နိုင်ငံတွေမှာ လုပ်နေကြ အတိုင်းပါပဲ ပင်စင်သက်ကို တိုးဖို့၊ အစိုးရသုံးငွေကို လျှော့ဖို့၊ လူမှု အထောက်အပံ့တွေကို လျှော့ပြီး၊ အခွန်ကောက်တဲ့ ပုံစံကို ပြင်ဖို့ပေါ့လေ။

ဒါတွေကို အာဏာရ ဒီမိုကရက်တစ် ပါတီဝင်တွေရော၊ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေ ကပါ မကြိုက်ကြပါဘူး၊ ရီပတ်ဘလေကန် တွေက အခွန်တွေ တိုးကောက်မှာကို မကြိုက်သလို ဒီမိုကရက်တွေ ကတော့ နဂိုကမှ တိုင်းပြည်က စီးပွားရေး ကျနေရတဲ့ ကြားထဲ လူမှု အထောက်အပံ့တွေ လျော့ လိုက်ရင် လူတွေ နစ်နာမယ် ဆိုတာကို စိတ်ပူ နေကြပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အချေအတင် ပြောဆို ဆွေးနွေးရမယ့် ကိစ္စ မဖြစ်မနေ လုပ်ရတော့မယ့် ကိစ္စတခုဖြစ်တဲ့ ဒီအစီရင်ခံစာကို ထုတ်လိုက်တဲ့ အတွက် ကော်မရှင်ရဲ့ ပူးတွဲ ဥက္ကဌ နှစ်ဦးဖြစ်တဲ့ Alan Simpson နဲ့ Erskine Bowles တို့ကိုတော့ ကော်မတီဝင်တွေက သြဘာပေး နေကြတယ်လို့ ဝါရှင်တန်မြို့က ဘီဘီစီ သတင်းထောက် Paul Adams က သတင်းပို့ ထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ကာလရှည်ကြာ စောင့်နေကြရတဲ့ ဘတ်ဂျက် အသုံးစရိတ် အကြီးအကျယ် ဖြတ်တောက်မှု ဆိုင်ရာ အစီရင်ခံစာဟာ အခြေခံကျတဲ့ အဆိုပြုချက်တွေနဲ့အတူ မကြာခင် အချိန်ပိုင်းအတွင်း ထွက်ပေါ်လာတော့မှာပါ။