၂ဝ၁၈ နဲ့ ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ ဖလားပွဲ ကျင်းပဖို့ ရုရှားနဲ့ ကာတာကို ရွေးချယ်

  • 3 ဒီဇင်ဘာ 2010
Image caption ကမ္ဘာဘောလုံး အဖွဲ့ချုပ် ဥက္ကဌ sepp blatter

ဖီဖာ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်ဟာ ၂ဝ၁ဂ ခုနှစ် ကမ္ဘာဖလား ဘောလုံးပွဲကို အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပဖို့ ရုရှားကို ရွေးချယ်ခဲ့ပြီး ၂ဝ၂၂ ခုနှစ်ပွဲကို ကာတာမှာ ကျင်းဖို့ ရွေးချယ်လိုက်ပါတယ်။

ကမ္ဘာဖလားဘောလုံးပွဲ ကျင်းပဖို့ အရှေ့ ဥရောပနဲ့ အာရပ် တိုင်းပြည်တွေကို ရွေးချယ်တာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။

ဖီဖာရဲ့ ရွေးချယ်မှုဟာ စွန့်စားမှု တခုလို ဖြစ်နေပြီး အဲဒီတိုင်းပြည် နှစ်ခုလုံး အတွက်တော့ စိန်ခေါ်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောနေ ကြပါတယ်။

ရုရှားဟာ ဒေါ်လာဘီလီပေါင်းများစွာ သုံးပြီး ဘောလုံးကွင်းသစ်တွေ ၊ လူမှု အဆောက်အအုံတွေ တည်ဆောက်ဖို့ လိုပါတယ်။

ကာတာကလည်း ဘောလုံး ကွင်းသစ် ၂၂ခု တည်ဆောက်မှာ ဖြစ်ပြီး ကမ္ဘာဖလား ဘောလုံးပွဲ ကျင်းပတဲ့ နိုင်ငံတွေထဲက ဧရိယာ အကျယ်အဝန်း အသေးဆုံး တိုင်းပြည် ဖြစ်ပါတယ်။

အခုလို ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး စွန့်စားမှုကြီး တခု လုပ်လိုက်တာ ဖြစ်တယ်လို့ ဖီဖာအဖွဲ့ ကိုယ်တိုင်က ပြောကြားလာပါတယ်။

ဖီဖာလူကြီး တချို့ဟာ အဂတိလိုက်စားမှုနဲ့ သင်္ကာမကင်း ဖြစ်ခံနေရတာကြောင့် အခုလို လျှို့ဝှက် မဲပေးစနစ်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေလည်း ထွက်ပေါ် နေပါတယ်။

ပြည့်စုံပြီး ခေတ်မှီတဲ့ ဘောလုံး ကစားကွင်း သစ်ကြီးတွေကို အချိန်မှီ တည်ဆောက်မယ်လို့ ရုရှား ဝန်ကြီးချုပ် ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

၂ဝ၁ဂမှာ ကမ္ဘာဖလား ဘောလုံးကျင်းပမယ့် နိုင်ငံဟာ ရုရှားဖြစ်တယ်လို့ ဖီဖာက ကြေညာလိုက် ပြီးတဲ့နောက် ဇူးရစ်မြို့ကို ရောက်လာတဲ့ မစ္စတာ ပူတင်က အခုလို ပြောကြား လိုက်တာဖြစ်ပြီး ဒီတခါ ထူးခြားစွာနဲ့ အင်္ဂလိပ်လို ပြောခဲ့ပါတယ်။

သူ့အပြောအရ ဖီဖာအဖွဲ့အပေါ် တရားမျှတမှု မရှိတဲ့ လက်မခံ နိုင်လောက်တဲ့ ဖိအားပေးမှု တွေကြောင့် ဒီကိစ္စတွေကနေ ခပ်ဝေးဝေးနေဖို့ သူဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

၂ဝ၂၂ ကမ္ဘာဖလား ကျင်းပမယ့် နိုင်ငံအဖြစ် အရွေးခံရတဲ့ ကာတာမှာတော့ ထောင်သောင်းချီတဲ့ ကာတာနိုင်ငံသားတွေ ၊ အာရှကနေ ကာတာမှာ လာရောက် အလုပ်လုပ်နေကြသူတွေဟာ ဒိုဟာ ဂေါက်ကွင်းရှေ့က ရေပန်းနားတဝိုက်မှာ အလံတွေ ဝှေ့ယမ်း ၊ ဗူဗူဇဲလားတွေ မှုတ်ပြီး အောင်မြင်မှု အထိမ်းအမှတ် ကျင်းပခဲ့ကြပါတယ်။

ကမ္ဘာဖလား ဘောလုံးပွဲကျင်းဖို့ အိမ်ရှင်နိုင်ငံတွေကို ရွေးချယ်ရာမှာ အရင်က မကျင်းပဖူးတဲ့ နေရာသစ်ကို ရွေးချယ်ခဲ့တာ ဖြစ်တယ်။

ဒါပေမယ့် အရွေးမခံ ရတဲ့ တိုင်းပြည်တွေ အတွက်တော့ စိတ်ပျက်စရာ ဖြစ်ပါတယ်လို့ FIFA ဖီဖာ ဥက္ကဌ Sepp Blatter ဆက်ပ် ဘလက်တာက ပြောပါတယ်။

ဖီဖာဟာ သူတို့ကို ပေးထားတဲ့ ဂတိတွေကို ဖျက်တယ်လို့ ၂ဝ၁ဂခုနှစ်မှာ အိမ်ရှင် နိုင်ငံ အဖြစ် လက်ခံကျင်းပဖို့ ကြိုးစားခဲ့တဲ့ အင်္ဂလန်အဖွဲ့ အကြီးအကဲက ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဘီဘီစီ ရုပ်မြင်သံကြားမှာ ပြသွားတဲ့ မျက်မှောက် ရေးရာ အစီအစဉ် ပန်နိုရာမားမှာ ၁၉၉ဝတုန်းက ဖီဖာအကြီးအကဲ သုံးယောက် ဟာ အဂတိ လိုက်စားတယ်လို့ စွတ်စွဲ ထားတာကြောင့် ဒီအချက်က အိမ်ရှင်နိုင်ငံ ရွေးချယ်ဖို့ ဖီဖာအဖွဲ့ရဲ့ ဆုံးဖြတ်ချက် အပေါ် သက်ရောက်ခဲ့တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

၂ဝ၂၂ ခုနှစ်မှာ ကမ္ဘာဖလား ဘောလုံးပွဲကို အိမ်ရှင် အဖြစ် ကျင်းပဖို့ အမေရိကန် ကို မရွေးဘဲ ကာတာနိုင်ငံကို ရွေးချယ်ခဲ့တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ဝါရှင်တန်မှာ ပြောကြား လိုက်ပါတယ်။