လေကြောင်းနဲ့ တုန့်ပြန်မယ်လို့ တောင်ကိုးရီးယား ပြော

  • 3 ဒီဇင်ဘာ 2010
korea
Image caption တိုက်လေယာဉ်တွေနဲ့ တုန့်ပြန်မယ်လို့ ကင်မ် ကွမ်ဂျင်း ကပြော

တကယ်လို့ မြောက်ကိုးရီးယား ဖက်က နောက်ထပ် တိုက်ခိုက်လာရင် လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် ပိုတင်းမာတဲ့ တိုက်ခိုက်မှုတွေနဲ့ တုန့်ပြန်မယ်လို့ တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးသစ်က ကတိပြု ပြောကြား လိုက်ပါတယ်။

မြောက်ကိုးရီးယားဖက်က ထပ်တိုက်ခိုက်လာရင် ဘာလုပ်မလဲဆိုတဲ့ မေးခွန်းကို မစ္စတာ ကင်မ် ကွမ်ဂျင်း က ပါလီမာန်မှာ ကာကွယ်ရေးဝန်ကြီး အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုစဉ်မှာ အခုလို ပြန်လည် ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တောင်နဲ့ မြောက် နှစ်နိုင်ငံအကြား ရေကြောင်း ပိုင်နက် အငြင်းပွားနေတဲ့ နေရာနားက တောင်ပိုင်း ကျွန်းစု တခုပေါ်ကို မြောက်ကိုးရီးယားက အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ရာမှာ တောင်ကိုးရီးယားလူမျိုး ၄ဦး သေဆုံးခဲ့ပြီး အိမ်အတော်များများ ပျက်စီးသွားခဲ့ပါတယ်။

အဲဒီဒေသမှာ တောင်ကိုးရီးယား တပ်ဖွဲ့တွေက စစ်ရေး လေ့ကျင့်မှုတွေ လုပ်ခဲ့အပြီးမှာ မြောက်ကိုးရီးယား တို့ဖက်က အခုလို ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

ဒါဟာ ကိုးရီးယား စစ်ပွဲပြီးကတည်းက အရပ်သားတွေအပေါ် ပထမဆုံး ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုချိန် မတိုင်ခင်အထိတော့ မြောက်ကိုးရီးယား တိုက်ခိုက်လာတဲ့ အလားတူ လက်နက်မျိုး၊ အလားတူ အားမျိုးနဲ့ ဆတူ တုန့်ပြန်ဖို့ကို တောင်ကိုးရီးယား က ပေါ်လစီ ချမှတ်ထား ပါတယ်။

မစ္စတာ ကင်မ် ကွမ်ဂျင်းက အရင် တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးဟောင်းကို ဝေဖန် ပြောဆိုလိုက်ပြီး မြောက်ကိုးရီးယားဖက်က တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ် ဆိုတဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေကို တောင်ကိုးရီးယား စစ်တပ်အနေနဲ့ လျစ်လျူ မရှုသင့်ဘူးလို့ ပြောသွားပါတယ်။

ကိုးရီးယား ကျွန်းဆွယ် ဒေသမှာ တင်းမာမှုတွေ နောက်ထပ် တိုးပွားလာနိုင်ဖွယ် ရှိတဲ့ အရိပ်လက္ခဏာ တခုအဖြစ် တောင်ကိုးရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေက အငြင်းပွားစရာ ဖြစ်နေတဲ့ အနောက်ပိုင်း ရေပိုင်နက်နယ်မြေနားမှာ တကယ် ပစ်ခတ်တဲ့ အမြောက်လေ့ကျင့်ရေးတွေ မကြာခင် လုပ်ဖို့ ရှိတယ်လို့ ပြောပါတယ်။