နယ်စပ်တိုက်ပွဲတွေမှာ အရပ်သားတွေကို ကာကွယ်ဖို့ HRW ကပြော

  • 5 ဒီဇင်ဘာ 2010
Image caption တိုက်ပွဲတွေကြောင့် မကြာခဏ ပြေးနေရတဲ့ အရပ်သားတွေ

ထိုင်းမြန်မာ နယ်စပ် မြဝတီဘက်မှာ နအဖ စစ်တပ်နဲ့ ဒီကေဘီအေတို့ ဖြစ်တဲ့ တိုက်ပွဲတွေအတွင်း အရပ်သားတွေ မထိခိုက်အောင် ကာကွယ်စောင့်ရှောက်ဖို့ လုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။

ထိုင်းဘက်ကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းချက်အရ စစ်ပြေးဒုက္ခသည်တွေဟာ အခုတိုက်ပွဲတွေကြောင့် စိုးရိမ်မှုတွေ အများကြီးရှိနေတယ်လို့ Human Right Watch ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Reed Broady က ပြောပါတယ်။

ဖလူးနဲ့ ဝေါလေလို ဒေသတွေမှာ ဖြစ်ခဲ့တဲ့ နအဖနဲ့ ဒီကေဘီအေတို့ရဲ့တိုက်ပွဲတွေမှာ နှစ်ဘက်စလုံးက အမြောက်တွေ မော်တာတွေနဲ့ အရပ်သားတွေကို ဂရုမစိုက်ဘဲ

လူနေအိမ်တွကို ပစ်ခတ်တာမျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။

တချို့ဟာ မြန်မာစစ်တပ်ရဲ့ အတင်းအဓ္ဓမ ပေါ်တာဆွဲခံရသလို တချို့က ဒီကေဘီအေ က ပေါ်တာဆွဲတာခံရတဲ့ အတွက် အဲဒီလို ပေါ်တာဆွဲခံရမှာ ကြောက်ကြသလို မြန်မာစစ်တပ်က သုံးလေ့ရှိတဲ့ လူနဲ့ မိုင်းရှင်းတာမျိုး အသုံးခံရမှာ၊ တပ်ရှေ့မှာထားပြီး လမ်းပြခိုင်းတာမျိုး သုံးခံရမှာ စိုးရိမ်ကြကြောင်း မစ္စတာ ဘရော့ဒီက ပြောပါတယ်။

နောက်တခါ ထိုင်းဘက်ကို ပြေးလာတဲ့ စစ်ပြေး ဒုက္ခသည် တွေကို ထိုင်းအစိုးရက ခဏခဏ အတင်းအကြပ် မြန်မာဘက်ကို ပြန်ပို့ လေ့ရှိတာကြောင့် ထိုင်းအစိုးရ အနေနဲ့ စစ်ပြေးဒုက္ခသည်တွေကို ပြန်ပို့နေတာကို ရပ်ပြီး အန္တရာယ်ကင်းတဲ့အထိ လက်ခံထားဖို့ လူမှုရေး အကူအညီပေး အဖွဲ့တွေ ကူညီနိုင်အောင် ပံ့ပိုးဖို့ သင့်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးသာပြီးသွားတယ်၊ စစ်တပ်က အရပ်သား၊ သူပုန် မခွဲခြားဘဲ ပေါ်တာဆွဲတာ၊ နိုင့်ထက်စီးနင်း ပြုကျင့်တာတွေ ဆက်ရှိနေတုန်းပဲလို့ ပြောပါတယ်။

ဒီအတောအတွင်း လောလောဆယ် တိုက်ပွဲဖြစ်မှာစိုးရိမ်လို့ ထွက်ပြေးလာတဲ့ တောင်သူအမျိုးသမီးတဦးက တိုက်ပွဲတွေကြောင့် အလုပ်အကိုင်ပျက်ပြီး သူတို့တွေ အတိဒုက္ခရောက်ရတာကြောင့် နှစ်ဘက်စလုံးကိုအပစ်ရပ်ကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။