တောပြန်ခို မလား၊ ပြည်သူ့စစ် လုပ်မလား

  • 6 ဒီဇင်ဘာ 2010
ssa_north
Image caption ကျဉ်းထဲ ကျပ်ထဲ ရောက်နေတဲ့ SSA မြောက်ပိုင်း (ဓာတ်ပုံ S.H.A.N)

ပြည်သူ့စစ် အသွင်ပြောင်းရေး အတွက် မူအရ လက်ခံထားတဲ့ အပစ်အခတ်ရပ် ရှမ်းပြည် တပ်မတော် တပ်မဟာ ၇ ကို ပြည်သူ့စစ် အလုပ် ကို အမှန် တကယ် လုပ်ပါ လို့ နအဖ စစ်တပ် က သတိပေး နေပါတယ်။

အစိုးရ စစ်တပ် အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ဆန်းဦး က ပြီးခဲ့တဲ့ နို၀င်ဘာလ ၃၀ ရက်နေ့ က ရှမ်းပြည် တပ်မတော် တပ်မဟာ ၇ ကို ပြည်သူ့စစ် လုပ်မယ်လို့ ပြော ထားရင် ပီပီပြင်ပြင် လုပ်ပါ၊ မလုပ်ချင်ရင် တောပြန်ခို ပြီး ပြန်တိုက် လို့ ရာဇသံ ပေးတဲ့ အကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာန က အယ်ဒီတာ ဦးခွန်ဆိုင်း က ပြော ပါတယ်။

အဲဒီ ရှမ်းပြည် တပ်မတော် တပ်မဟာ ၇ က ရဲဘော်တွေက ပြည်သူ့စစ် ယူနီဖောင်း ကို မဝတ်ပဲ အရင် ယူနီဖောင်း ကိုပဲ အမြဲ ဝတ်ဆင်နေတာ၊ နအဖ စစ်တပ်ရဲ့ အုပ်ချုပ်ရေး အောက် မှာ မဟုတ်ပဲ သီးခြား ဖြစ်နေတာမျိုး ကို နအဖ က မလိုချင် တဲ့ အတွက် အခုလို ပြောလာတာ ဖြစ်တယ် လို့ ဦးခွန်ဆိုင်း က ပြောပါတယ်။

အပစ်အခတ်ရပ် ရှမ်းပြည် တပ်မတော် SSA မြောက်ပိုင်း မှာ တပ်မဟာ ၃ ခု ပါ၀င်ပြီး တပ်မဟာ ၁ က ပြည်သူ့စစ် အသွင်ပြောင်းရေး ကို လက်မခံ ပဲ နအဖ တပ်တို့ လာ တိုက်ရင် ပြန်ခုခံ ဖို့ ပြင်ဆင်ထား ပါတယ်။

ကျန် တပ်မဟာ ၃ နဲ့ ၇ ကတော့ ပြည်သူ့စစ် ကို မူအရ သဘောတူထားခဲ့ ပါတယ်။

အခုလို ပြည်သူ့စစ် အမှန်တကယ် လုပ်ဖို့ အစိုးရ ဖက်က တွန်းအား က တချိန်မှာ သူတို့ အနေနဲ့ အစိုးရ စစ်တပ် ရဲ့ စစ်ဆင်ရေး မှာ ပူးပေါင်း ပါဝင် တိုက်ခိုက် ရမယ့် သဘော ဆောင်နေ ပါတယ်။

SSA မြောက်ပိုင်း အတွင်း အစိုးရ ရဲ့ ပြည်သူ့စစ် လုပ်ခိုင်းတဲ့ အစီအစဉ် အပေါ် သဘော ထား ကွဲမှု တွေကနေ တပ်မဟာ တခုနဲ့ တခု ပြန်တိုက် ကြတဲ့ အဖြစ်မျိုး တွေ ဖြစ် လာမှာ ကို စောင့်ကြည့်သူ တွေ က စိုးရိမ် နေကြ ပါတယ်။