ဒုတိယ ပင်လုံ က နိုင်ငံရေး စတန့် လုပ်တာလား

  • 8 ဒီဇင်ဘာ 2010
crpp
Image caption ဒုတိယ ပင်လုံ ဟာ အမျိုးသားရေး ဖြစ်တယ် လို့ ဆို

ဒုတိယ ပင်လုံ ညီလာခံ လုပ်ချင်သူတွေ ဟာ အပေါစား နိုင်ငံရေး စတန့် ထွင် တာ လို့ အစိုးရပိုင် သတင်းစာထဲမှာ ရေးသား တဲ့ အပေါ် တိုင်းရင်းသား ခေါင်းဆောင် တဦး က ဒီ ညီလာခံ အရေး ဟာ အမျိုးသားရေး ဖြစ်တယ် လို့ ပြန်လည် တုန့်ပြန် လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ထုတ် ကြေးမုံ သတင်းစာ မှာ ဆောင်းပါးရှင် တဦး က တပ်မတော် နဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရွေးကောက်ခံ နိုင်ငံရေးပါတီ တွေမပါဝင်တဲ့ ပင်လုံညီလာခံ ကျင်းပ မည် ဆိုသော အယူအဆ သည် အပေါစား နိုင်ငံရေး စတန့်ထက် ပိုမည် မဟုတ် လို့ ရေးသားထားတဲ့ အပေါ် ရခိုင် တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးအေးသာအောင် က အခုလို တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ မဖြစ်ကြရအောင် အမျိုးသား ပြန်လည် ညီညွှတ်ရေး အတွက် ပင်လုံညီလာခံ မျိုးမှာ ဆွေးနွေး ကြရ မယ်၊ ဒီလို ဆွေးနွေး နိုင်အောင် လုပ်ရေး ဟာ တမျိုးသားလုံး နဲ့ သက်ဆိုင်တဲ့ အမျိုးသားရေး ဖြစ်တယ် လို့ ပြောပါတယ်။

ဒီလို ဒုတိယ ပင်လုံညီလာခံ ကျင်းပမယ် ဆိုရင် တပ်မတော် ကော၊ ရွေးကောက်ပွဲ ဝင်တဲ့ နိုင်ငံရေး ပါတီ တွေဖြစ်စေ၊ မဝင်တဲ့ ပါတီ တွေ ဖြစ်စေ နိုင်ငံရေး အင်အားစု တွေ၊ နောက်ပြီး တိုင်းရင်းသား အဖွဲ့တွေ ဆိုရင်လည်း လက်နက်ကိုင် အဖွဲ့ တွေပါမကျန် အားလုံးပါဝင်တဲ့ ညီလာခံ အဖြစ် ရည်မှန်း ထားတာ ဖြစ်ကြောင်း လည်း သူ က ပြော ပါတယ်။

ပါဝင်နိုင်တဲ့ သူ တွေ ပါဝင်ကြ သလောက် ဆွေးနွေးမယ်၊ ညှိမယ်၊ အဲဒီ က ရတဲ့ ညှိနှိုင်းချက် တွေ ကို မပါဝင် သေးတဲ့ သူတွေ ဆီ ဆက်သွယ် ညှိနှိုင်း မယ် စသဖြင့် အဆင့်ဆင့် လုပ်သွား ရမှာ ဖြစ်တယ် လို့ ဦးအေးသာအောင် က ဆိုပါတယ်။

အခု ပင်လုံညီလာခံ ကိစ္စ ကို အချိန် သတ်မှတ်ချက် ထားပြီး လုပ်သွားမှာ မဟုတ် ပဲ အားလုံး ပါဝင် နိုင်ရေး ကို အဓိကထား ကြိုးပမ်းသွားမယ် လို့ လည်း သူ က ပြော ပါတယ်။