အချက်အလက်တွေ ပေါက်ကြားမှု ဘယ်သူ့တာဝန်လဲ

  • 8 ဒီဇင်ဘာ 2010

ဝီကီလိက်စ် နဲ့ ပတ်သက်တဲ့ အငြင်းပွားမှု အရှိန်မြင့် လာနေရာမှာ အခုတော့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ပါ ပါဝင်လာပါပြီ။ ဝီကီလိက်စ် ရဲ့ ထိပ်တန်း လျှို့ဝှက် သတင်းတွေ ဖွင့်ချမှု အပေါ်မှာ အထူးသဖြင့် အစိုးရပိုင်း တွေက ပြင်းပြင်း ထန်ထန် ဝေဖန်ကြ ပါတယ်။

Image caption မူလ ပေါက်ကြား စေခဲ့သူတွေ မှာသာ ဥပဒေ အရ တာဝန် ရှိတယ်လို့ မစ္စတာ ရဒ် ပြော

တချို့ကတော့လည်း အများပြည်သူ သိအောင် ဖော်ထုတ် တာဟာ မီဒီယာရဲ့ အခွင့် အရေး ဖြစ်တယ်။ ဝီကီလိက်စ် ဟာလည်း အလားတူ မီဒီယာ တခုပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။

နိုင်ငံတကာက နိုင်ငံရေး ခေါင်းဆောင် တွေဟာ ရှေ့မှာ တမျိုးပြောပြီး ကွယ်ရာမှာ တမျိုး လုပ်နေတာကို အများပြည်သူ သိအောင် ဖွင့်ချ သင့်တယ်လို့ ယုံကြည် ကြသူ တွေလည်း အများအပြား ရှိကြပါတယ်။

အခုတော့ သြစတြေးလျ နိုင်ငံခြား ရေးဝန်ကြီး ကယ်ဗင် ရပ်ဒ်ကပါ ဒီငြင်းခုန်ပွဲမှာ တရားဝင် ပါလာတာ ဖြစ်ပါတယ်။

သူက ဝီကီလိက်စ်ပိုင်ရှင် ဂျူလီယာ အာဆန်းချ် ကိုထောက်ခံ ပြောဆို တာတော့ မဟုတ်ပါဘူး။ အခုလို ထိပ်တန်း သတင်း တွေ ပေါက်ကြားမှု အတွက် အဓိက တာဝန်ရှိသူဟာ အမေရိကန် အစိုးရသာ ဖြစ်တယ်လို့ ဆိုတာပါ။

ဥပဒေကြောင်းအရ တာဝန်ရှိသူ အရေးယူထိုက် သူဟာလည်း မူလ ပေါက်ကြားသူ သာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပေါက်ကြားတဲ့ ကိစ္စတွေထဲမှာ သူကိုယ်တိုင်နဲ့ ပတ်သက်ပြီး ဝေဖန်ခံ ရတဲ့ ကိစ္စတွေ ပါပေမယ့် သူက ဒါတွေအတွက် ဂျူလီယာ အာဆန်းချ်ကို အပြစ်မတင်ဘဲ၊ အမေရိကန် အစိုးရကိုသာ လုံခြုံရေးကို မထိန်းသိမ်း မစောင့်ရှောက်နိုင်တဲ့ အတွက် ပြစ်တင် ဝေဖန်ထားပါတယ်။

ဒါပေမဲ့ ဒါဟာ သြစတြေးလျ အစိုးရရဲ့ မူလို့တော့ မဆိုနိုင်ပါဘူး။ သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂေး လားဒ် ကတော့ ဂျူလီယာ အာဆန်းချ်ရဲ့ လုပ်ရပ်ဟာ ဆိုးဆိုးဝါးဝါး တာဝန်မဲ့ တဲ့ လုပ်ရပ်လို့ ပြောပါတယ်။

အခုဝီကီလိက်စ် ပြဿနာဟာ လုံခြုံရေးနဲ့ ပွင့်လင်း မြင်သာမှုကို ဘယ်လို ထိန်းညှိ ဘဲလင့်စ်လုပ်မလဲ။ အများပြည်သူရဲ့ သိပိုင်ခွင့် အခွင့်အရေးနဲ့ နိုင်ငံတော်အစိုးရရဲ့ လျှို့ဝှက် လုံခြုံရေး ဘယ်လို ဘဲလင့်စ် လုပ်မလဲဆိုတာဟာ ဂျူလီယာ အာဆန်းချ်ကိုသာ မက ဒီမိုကရေစီ အဆောက်အအုံ တခုလုံး ကို စိန်ခေါ်နေတဲ့ မေးခွန်း တခုလို့လည်း ဆိုနိုင်ပါတယ်။