Lu Xiobo နိုဘယ်ဆု တက်မယူနိုင်

  • 10 ဒီဇင်ဘာ 2010
Liu Xiobo
Image caption တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ လူရှောက်ဘို

ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူရှောက်ဘို ကိုယ်စား ဘယ်သူမှ နိုဘယ်ဆု ချီးမြှင့်တဲ့ အခမ်းအနားကို တက်ရောက်မှာ မဟုတ်ဖူးလို့ နိုဘယ် ကော်မတီက ပြောပါတယ်။

သူဟာ တရုတ်နိုင်ငံက အကျဉ်းထောင် တခုမှာ အကျဉ်းကျ ခံနေရပြီး ဇနီးသည်ကိုလည်း ပြည်ပ မထွက်နိုင်အောင် တရုတ် အစိုးရက ပိတ်ပင် ထားပါတယ်။

နိုဘယ် ငြိမ်းချမ်းရေးဆုကို ကာယံကံရှင် အပြင် သူ့ကိုယ်စား ဘယ်သူမှ တက်မယူနိုင်တာ ၁၉၃၈ နောက်ပိုင်းမှာ ခုအကြိမ်ဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

သူကိုယ်တိုင်က အကျဉ်းကျ နေသလို ဇနီးသည်ကိုလည်း တရုတ် အစိုးရက အပြင် မထွက်နိုင်အောင် ပိတ်ထားပါတယ်။

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ်က နိုဘယ်ဆု ချီးမြှင့်ခံရပြီး အဲဒိတုန်းက သူကိုယ်တိုင် ဆုတက်မယူ နိုင်ပေမဲ့ သူ့မိသားစုက ကိုယ်စား ဆုတက်ယူနိုင်ခဲ့ပါတယ်။

လူရှောက်ဘိုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိတ်မကောင်း ဖြစ်မိတယ်၊ သူ့အတွက် စာနာမိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ တရုတ်ဌာနက ဆက်သွယ် မေးမြန်းရာမှာ ပြောပြခဲ့ပါတယ်။

ကနေ့ အချိန်မှာ ကမ္ဘာတလွှား ဒီမိုကရေစီ တောင်းဆိုမှု ရေစီးတခုလို ဖြစ်လာနေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

နော်ဝေး ဆုချီးမြှင့်ရေး ကော်မတီကတော့ အကျဉ်းကျနေတဲ့ တရုတ် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ လူလျှောင်ဘို ကို ဒီနှစ်အတွက် ငြိမ်းချမ်းရေးဆု ချီးမြှင့်တာဟာ အနောက် နိုင်ငံတွေရဲ့ စံနှုန်း စံထားတွေကို တရုတ်နိုင်ငံကို ရိုက်သွင်းတာ မဟုတ်ဖူးလို့ ပြောနေပါတယ်။

အခုလို ဆုချီးမြှင့်ခြင်းဟာ တရုတ်နိုင်ငံကို ဆန့်ကျင်ဖို့ မဟုတ်ပေမယ့် တရုတ်အစိုးရ အနေနဲ့ စီးပွားရေး တိုးတက်မှုနဲ့အတူ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေလည်း လုပ်ဆောင်သင့်တယ် ဆိုတာကို ပြသ လိုက်တာ ဖြစ်ပါတယ်လို့ ကော်မတီ အကြီးအကဲက ပြောပါတယ်။

ဒီနေ့ကျင်းပမယ့် အခမ်းအနားအတွက် နိုဗယ်ဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း အမှာစကား ပေးပို့ထားပါတယ်။