တောင်အာဖရိက အတွေ့အကြုံ မျှဝေလို

  • 9 ဒီဇင်ဘာ 2010
South Africa Embassy in Thai website
Image caption ထိုင်းနဲ့မြန်မာနိုင်ငံဆိုင်ရာ တောင်အာဖရိက သံအမတ်ကြီး Douglas Gibson

တောင်အာဖရိက နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အမျိုးသားပြန်လည်သင့်မြတ်ရေး စေ့စပ်ညှိနှိုင်းမှုတွေမှာ အကူအညီပေးဖို့ စိတ်ဆန္ဒရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တောင်အာဖရိက သံအမတ်ကြီးက တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံအနေနဲ့ အရင် အသားအရောင် ခွဲခြားတဲ့ကာလကနေ အခု လက်ရှိ ဒီမိုကရေစီနိုင်ငံ အဖြစ် ပြောင်းလဲခဲ့တဲ့ အတွေ့အကြုံတွေ အများကြီးရှိပြီး တချို့အတွေ့အကြုံတွေဟာ မြန်မာနိုင်ငံ အတွက် တန်ဘိုးရှိနိုင်တဲ့တာကြောင့် အခုလို စေ့စပ်ညှိနှိုင်းမှုတွေမှာ ဒီအတွေ့အကြုံကို မျှဝေကူညီဖို့ ကမ်းလှမ်းတာပါလို့ ဒီကနေ့ ဘီဘီစီ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းရာမှာ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ တောင်အာဖရိက သံအမတ်ကြီး Douglas Gibson က ပြောကြားခဲ့ပါတယ်။

ဟိုအရင်က တောင်အာဖရိက ဒုတိယဝန်ကြီးချုပ် မြန်မာအစိုးရကို ကမ်းလှမ်းခဲ့ဘူးတဲ့ မြန်မာနိုင်ငံက စေ့စပ်ဆွေးနွေးမှုတွေမှာ အကူအညီပေးချင်တယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို သူထပ်ပြီး ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ အခုပေါ်ပေါက်လာမဲ့ မြန်မာအစိုးရသစ်က အလွတ်သဘောပဲဖြစ်ဖြစ် တရားဝင်ပဲ ဖြစ်ဖြစ် ဆွေးနွေးချင်တယ် ဆိုပြီး ဆုံးဖြတ်ချတာမျိုး လိုလိမ့်မယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

အခုခရီးစဉ်မှာ မြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ မတွေ့ခဲ့လို့ အစိုးရဘက် သဘောထားကို မသိရပေမယ့် အစိုးရသစ်ဖွဲ့ပြီးတဲ့နောက် သူသွားမဲ့ ခရီးစဉ်မှာ အစိုးရဘက်က အနေအထားကို သိရလိမ့်မယ်လို့ ယူဆကြောင်း တောင်အာဖရိကသံအမတ်ကြီးက ပြောခဲ့ပါတယ်။