နိုဘယ်ဆု ပေးပွဲ ကို တရုတ် ဖိအားပေး

  • 10 ဒီဇင်ဘာ 2010

၂၀၁၀ ခုနှစ် အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိတဲ့ လျူရှောင်ဘို ကို နော်ဝေ နိုင်ငံ အော်စလို မြို့မှာ နိုဘယ်ဆု တရားဝင် ပေးအပ်တဲ့ အခမ်းအနား ပြုလုပ်ခဲ့ ပါတယ်။

Image caption အကျဉ်းကျခံနေရတဲ့ နိုဘယ်ဆုရှင် လျူ ရှောင်ဘို

ဒါပေမဲ့ အဲဒီ အခမ်းအနားမှာ ဆု လက်ခံယူမယ့် တရုတ် နိုင်ငံရေး အတိုက်အခံ၊ စာရေးဆရာ လျူရှောင်ဘိုကတော့ တရုတ် နိုင်ငံ အရှေ့မြောက်ပိုင်းက အကျဉ်းထောင် တစ်ခုမှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရပါတယ်။

တရုတ် အစိုးရ ဆန့်ကျင်သူကို နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြင့် လိုက်တဲ့ အပေါ် မကျေမနပ် ဖြစ်နေသူကတော့ တရုတ် အစိုးရပါ။ နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ အခမ်းအနား နီးကပ်လာတဲ့ အချိန်မှာ ကမ္ဘာ့ နိုင်ငံ အသီးသီးကို ဆုပေးပွဲ မတက်ရောက်ဖို့ တရုတ်အစိုးရက ဖိအား တွေ ပေးခဲ့ပါတယ်။

တရုတ် နိုင်ငံရေး လျုပ်ရှားသူ နျစ်ဆယ် နီးပါးကိုလည်း ဖမ်းဆီးထားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ခရီးသွားလာမှုကို ကန့်သတ်တာ၊ အကျယ်ချုပ်နဲ့ ထိန်းသိမ်းတာ၊ နေရာကနေ အတင်းအကြပ် ပြောင်းရွှေ့ခံရတာ အပြင် တခြား ခြိမ်းခြောက်မှုတွေ ခံရတဲ့ အမှုပေါင်းက ၁၂၀ ရှိပါတယ်။

လျူရှောင်ဘိုရဲ့ ဇနီး လျူရှီယာ ကိုယ်တိုင်လည်း နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်း ခံထားရပါတယ်။ သူ့နေအိမ် တဝိုက်မှာ လည်း ယူနီဖောင်းတွေနဲ့ရော၊အရပ်ဝတ် တွေနဲ့ပါ လုံခြုံရေးတွေကို အပြည့်ချထားပါတယ်။

နော်ဝေ အခြေစိုက် တရုတ် အသင်း ဥက္ကဌ ရှူဝါကျန်ကတော့ လျူရှောင်ဘိုကို နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ နိုဘယ်ဆု ရွေးချယ်ရေး အဖွဲ့ကို စာရေး ကန့်ကွက်ခဲ့ပါတယ်။

ဒါပေမဲ့ တရုတ် နိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေ ပြုလုပ်ဖို့ လိုအပ်နေပြီလို့ ပြောင်ပြောင်တင်းတင်း ထောက်ပြထားတဲ့ ကြေငြာစာတမ်းကို ကူညီ ရေးသားခဲ့သူ လျူရှောင်ဘို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရတာကို ကြိုဆိုသူ တွေလည်း ရှိပါတယ်။

နိုဘယ် ကော်မီတီ ဥက္ကဌ Thorbjorn Jagland ကတော့ လျူရှောင်ဘိုကို နိုဘယ်ဆု ချီးမြှင့် လိုက်ခြင်းဟာ တရုတ် လူဦးရေ ၁ ဒဿမ၃ ဘီလျံရဲ့ ကံကြမ္မာကို တရုတ် အစိုးရက ပုခုံးထမ်းနေရတယ် ဆိုတာကို တနည်းတဖုံ ထောက်ပြတာ ဖြစ်တယ်လို့ ပြောပါတယ်။ လူ့ အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးဟာ ဒွန်တွဲ နေတယ် ဆိုတာကို နော်ဝေ နိုဘယ်ဆု ကော်မီတီက ကာလကြာမြင်စွာ ကတည်းက ယုံကြည်ပါတယ်လို့ ပြောပါတယ်။

အဲဒါကြောင့် လျူရှောင်ဘိုဟာ ငြိမ်းချမ်းရေး ဆုနဲ့ ထိုက်တန်သူ ဖြစ်ပါတယ်လို့ လူရှောင်ဘိုရဲ့ နိုဘယ်ဆု လက်မှတ်ကို တင်ထားတဲ့ ဆုလက်ခံယူမယ့်သူ မရှိတဲ့ ထိုင်ခုံလွတ်ကို ဦးညွတ်ရင်း နိုဘယ် ကော်မီတီ ဥက္ကဌ Thorbjorn Jagland ပြော လိုက်တော့ အခမ်းအနား တက်လာကြတဲ့ ဧည့် ပရိတ်သတ်ကြီးက သောင်းသောင်း ဖျဖျ လက်ခုပ်တီး သြဘာပေးခဲ့ကြပါတယ်။