ရံပုံငွေ ထူထောင်ပြီး ဆင်းရဲတဲ့ နိုင်ငံတွေကို ကူညီ ထောက်ပံ့မယ်

  • 11 ဒီဇင်ဘာ 2010
Image caption UN ရာသီဥတု ညီလာခံမှာ ဆန္ဒပြ နေကြသူတွေ

ကမ္ဘာကြီး ပူနွေးမှု လျော့ချအောင် လုပ်ဆောင်ဖို့နဲ့ ရာသီဥတု ဆိုးဝါးတဲ့ ဒဏ်ခံရတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို အကူအညီပေးဖို့ Mexico မက္ကဆီကိုနိုင်ငံမှာ ကျင်းပနေတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ညီလာခံ တက်ရောက် လာတဲ့ ကိုယ်စားလှယ်တွေ သဘောတူခဲ့ကြပါတယ်။

ဒီညီလာခံကို Cancun မြို့က အပန်းဖြေစခန်းတခုမှာ နှစ်ပတ်ကြာ ကျင်းပခဲ့ အပြီးမှာ Green Climate လို့ အမည်ပေးထားတဲ့ ရံပုံငွေ ထူထောင်ကာ ဆင်းရဲတဲ့ နိုင်ငံတွေကို ထောက်ပံ့ကူညီမယ် ၊ အဲဒီနိုင်ငံတွေမှာ ကာဘွန်လျော့ချ ထုတ်လုပ်အောင် နည်းပညာ အကူအညီပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် သစ်တော မပြုန်းတီးရေးနဲ့ ဖန်လုံအိမ် အာနိသင် ဖြစ်စေတဲ့ ဓါတ်ငွေ့လျော့ချထုတ်လုပ်ရေး စောင့်ကြည့်လေ့လာမှုတွေလုပ်မယ့် အစီအစဉ်တွေကိုလည်း ချမှတ်ခဲ့ကြပါတယ်။

ကမ္ဘာ့နိုင်ငံတွေဟာ ကာဗွန်ထုတ်လုပ်မှု လျော့ချရေးမှာ သဘောတူထားတဲ့ အတိုင်း လိုက်နာဆောင်ရွက်မှု မရှိတာကြောင့် ကမ္ဘာ့အပူချိန် ၅ ဒီဂရီ ဆဲလ်စီးယက်စ်အထိ တိုးလာနေတယ်ဆိုပြီး ဘိုလီးဗီးယား တနိုင်ငံတည်းက ကန့်ကွက် ပြောဆိုနေပါတယ်။