၂၁ ရာစု ပင်လုံ စိန်ခေါ်မှု မဟုတ်လို့ ဒေါ်စုကပြော

  • 12 ဒီဇင်ဘာ 2010

၂၁ ရာစု ပင်လုံညီလာခံဟာ စင်ပြိုင် လွှတ်တော်၊ စင်ပြိုင် အစိုးရ မဟုတ်သလို ထိပ်တိုက်ရင်ဆိုင်မှု၊ စိန်ခေါ်မှုလဲ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ဒီလို နားလည်မှု လွဲမှား နေတာဟာ အဓိက ပြသနာဖြစ်လို့ ဒါကို ပထမ ရှင်းလင်းအောင် လုပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားရင်ကြားစေ့ရေး အတွက် စုစည်းမှုဖြစ်တယ်ဆိုတာကို တပ်မတော်နဲ့ တခြား အဖွဲ့အစည်းတွေ နားလည်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ယူကေနိုင်ငံ လန်ဒန်မြို့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ယူကေက ဦးစီးကျင်းပတဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်သူတွေ မေးတဲ့ မေးခွန်းတွေကို ဖြေရင်း အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။

ဒုတိယပင်လုံညီလာခံအကြောင်းအပြင် နိုင်ငံရေးရှေ့ဆက်လုပ်ဆောင်မှု၊ တိုင်းရင်းသားတွေ ဒေသတွေ အရေး ၊ စတဲ့မေးခွန်းတွေကိုလဲ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

လူငယ်တွေနဲ့ပတ်သက်လို့ ပြောရာမှာတော့ လူငယ်တွေအနေနဲ့ အချိန်ကို တန်ဘိုးရှိရှိ အသုံးချဖို့၊ အနာဂါတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိတာမို့ ကိုယ်ကိုကိုယ် တိုင်းပြည်ရဲ့ အနာဂါတ်အဖြစ် တိုင်းပြည်ရဲ့ မျှော်လင့်ချက်အဖြစ် တန်ဘိုးထားပြီး ပြုစုပျိုးထောင်ကြဖို့ကိုလဲ မှာကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၊ NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့နဲ့ ၃ နာရီ ကြာ တယ်လီဖုန်းဆွေးနွေးပွဲကို UK က တိုင်းရင်းသားလူငယ်တွေ အပါအဝင် အဖွဲ့ ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေ Amnesty International , Christian Solidarity Worldwide စတဲ့အဖွဲ့တွေက စုစုပေါင်းလူ ၈၀ လောက်တက်ရောက်ခဲ့ကြပါတယ်။