မြန်မာနိုင်ငံ မှာ ဘိန်း နဲ့ စိတ်ကြွဆေး ပိုထုတ်လာ

  • 13 ဒီဇင်ဘာ 2010
opium
Image caption မြန်မာပြည် မှာ ဘိန်း နဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု ပြန် များလာ

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် အတွင်း မြန်မာနိုင်ငံ မှာ ဘိန်းစိုက်ပျိုးမှု ပိုများ လာသလို အမ်ဖီ တမင်း အမျိုးအစား စိတ်ကြွဆေး ထုတ် လုပ်မှု လည်း ပိုတိုး လာကြောင်း ကုလ သမဂ္ဂ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့အစည်း ဖြစ်တဲ့ UNODC က တနင်္လာ နေ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖော်ပြ ထားပါတယ်။

UNODC က ဘိန်းနဲ့ အမ်ဖီ တမင်း အမျိုး အစား စိတ်ကြွဆေးတွေ တရားမဝင် ထုတ်လုပ် ရောင်းဝယ်မှု နဲ့ ပတ်သက်ပြီး သီးခြားစီ ပြုစုထားတဲ့ အစီရင်ခံစာတွေ ထဲမှာ မြန်မာနိုင်ငံ အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု များပြား လာတာကြောင့် ပြည်တွင်းမှာ သုံးစွဲမှု ပိုများ လာတဲ့ လက္ခဏာတွေ တွေ့ရ သလို ဒေသ တွင်း နိုင်ငံတွေ အထိ မူးယစ် ဆေးဝါး တွေ ပျံ့နှံ့လာတဲ့ ဆိုးကျိုး သက်ရောက်မှု ရှိပုံ ကိုပါ ဖော်ပြ ထားပါတယ်။

ဘိန်းစိုက်ပျိုးမှု များလာတာဟာ အဓိကအားဖြင့် ဘိန်းစိုက် တောင်သူ တွေ အနေနဲ့ သူတို့ လိုအပ်တဲ့ စားနပ်ရိက္ခာ အတွက် အကူအညီ မရနိုင်လို့ ဖြစ်တယ် လို့ UNODC ရဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာ Gary Lewis က ဘီဘီစီ ကို ပြော ပါတယ်။

ဘိန်း စိုက်ပျိုးမှုများတဲ့ ရှမ်းပြည်နယ် နေရာ တွေမှာ နိုင်ငံတကာ အကူအညီ ပဲ ဖြစ်ဖြစ် NGO တွေရဲ့အကူအညီ ပဲ ဖြစ်ဖြစ် ရနိုင်မှု အလွန်နည်း ပါတယ် လို့ လည်း သူ က ပြောပြီး ဒေသ တွင်း တည်ငြိမ်မှု မရှိ တာဟာလည်း နောက်ထပ် အကြောင်းရင်းတခု ဖြစ်တယ် လို့ သူက ဆိုခဲ့ ပါတယ်။

အမ်ဖီတမင်း စိတ်ကြွဆေး ထုတ်လုပ် ရောင်းချမှု ဟာလည်း ၂၀၀၉ ခုနှစ်အတွင်းမှာ အရင်နှစ်က ထက် သုံး ဆလောက် တိုးလာတယ် လို့ အစီရင်ခံစာ ထဲမှာ ဖော်ပြ ထား ပါတယ်။