အမေရိကန် ထိပ်တန်း သံတမန် ရစ်ချတ် ဟော ဘရွတ် ကွယ်လွန်ပြီ

  • 14 ဒီဇင်ဘာ 2010
holbrooke
Image caption သံကြီး တမန်ကြီး ရစ်ချတ် ဟောဘရွတ်

ကွယ်လွန်သွားတဲ့ အမေရိကန်နိုင်ငံရဲ့ အတွေ့အကြုံအများဆုံး သံတမန် တဦး ဖြစ်သူ ရစ်ချတ် ဟော ဘရွတ် ကို သမ္မတ အိုဘာမားက ဂုဏ်ပြုစကား ပြော ကြား လိုက် ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ပေါ်လီစီ နဲ့ ပတ်သက်ပြီး ထူးထူးကဲကဲ အရှိန် ဩဇာ ကြီးမားသူ လို့ သမ္မတ က တင်စား ပြောဆို ပါတယ်။

မစ္စတာ ရစ်ချတ် ဟော ဘရွတ် ဟာ ဘော့စနီးယားစစ်ပွဲ အဆုံးသတ် စေခဲ့တဲ့ ၁၉၉၅ ခု Dayton ငြိမ်းချမ်းရေး စာချုပ် အောင်မြင်အောင် ကြားဝင် စေ့စပ် ပေးခဲ့ သူပါ။

ဘော့စနီးယား စစ်ပွဲ ပြီးတဲ့ နောက် သူဟာ နိုဗဲလ် ငြိမ်းချမ်းရေးဆု အတွက် အဆိုပြု လျာထား ခြင်း ခံရ ပါတယ်။

တခြား ကမ္ဘာ့ အရေးအခင်းတွေ ဖြစ်တဲ့ ဗီယက်နမ် စစ်ပွဲ၊ အာဖဂန် နဲ့ ပါကစ္စတန် အရေး တွေမှာ အမေရိကန် ထိပ်တန်း သံတမန် တဦး အဖြစ် တာဝန် ယူခဲ့ သူလည်း ဖြစ် ပါတယ်။

သူဟာ သမ္မတ အိုဘာမား အစိုးရ လက်ထက်မှာ အာဖဂန်နစ္စတန် ဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့ပြီး ကွယ်လွန် အထိ ဒီတာဝန် ကို ထမ်းရွက် ခဲ့ ပါတယ်။

အာဖဂန် နစ္စတန် သမ္မတ ဟာမစ် ခါဇိုင်း နဲ့ မစ္စတာ ဟော ဘရွတ် တို့ရဲ့ ဆက်ဆံရေးက အမြဲတစေ ကောင်းမွန်ခဲ့တာ မဟုတ်ပေမယ့် အာဖဂန် သမ္မတ က သူ့ကို လေးစား ကြောင်း နဲ့ သူ ကွယ်လွန် သွားတဲ့ အတွက် ဝမ်းနည်းကြောင်း သမ္မတ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ပြော ပါတယ်။