ဒက္ကာမြို့နားက စက်ရုံ မီးအတွင်း လူ၂၅ ဦးသေ

  • 15 ဒီဇင်ဘာ 2010
Dhaka fire
Image caption စက်ရုံ ခေါင်မိုးပေါ်က ခုန်ချလို့ သေဆုံးခဲ့ကြသူတွေ လည်း ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့နားက အထည်ချုပ် စက်ရုံတခုမှာ မီးစွဲလောင် ခဲ့ရာမှာ အနည်းဆုံး လူ၂၅ဦး သေဆုံးခဲ့တယ်လို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

မီးသတ်သမားတွေ မငြိမ်းသတ်နိုင်ခင် ငါးနာရီကြာ လောင်ခဲ့တဲ့ အဲဒီ မီးလောင်မှု အတွင်း အနည်းဆုံး လူ၄၅ ဦးလည်း ဒဏ်ရာ ရသွားခဲ့ပါတယ်။

တချို့တွေက မီးဘေးက လွတ်လိုလွတ်ငြား အထပ်၁၁ထပ် အမြင့် ရှိတဲ့ စက်ရုံ အဆောက် အအုံ ခေါင်မိုးပေါ်က ခုန်ချရာကနေ သေဆုံးခဲ့ကြရတာလို့ ရဲတွေက ပြောပါတယ်။

မီးစလောင်တဲ့ အချိန်မှာ အလုပ်သမား အများအပြား နေ့လည်စာ ထွက်စားနေကြကြောင်းနဲ့ မဟုတ်ရင် အသေအပျောက် စာရင်း ဒါ့ထက် ပိုများနိုင်ဘွယ် ရှိတယ်လို့ ဆိုပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို အခုချက်ချင်း အတိအကျ မသိရသေးပေမဲ့ လျှပ်စစ်မီး ဝိုင်ယာကြိုး ချို့ယွင်းမှုကြောင့်လို့ ယူဆရကြောင်း ရဲတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး ဆဟာရာ ကာတွန် က မီးဘေးသင့်ခဲ့တဲ့ နေရာကို သွားရောက် ကြည့်ရှုခဲ့ပြီး ဒီမီးလောင်မှုဟာ ကြေကွဲဘွယ် ဖြစ်ရပ် တခု ဖြစ်တယ်လို့ ဘီဘီစီ ဘင်္ဂါလီ ဌာနကို ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက အထည်ချုပ် စက်ရုံတွေမှာ လျှပ်စစ်မီး ဝိုင်ယာကြိုး ချို့ယွင်းမှုကြောင့် မီးထလောင်မှုတွေ ဖြစ်လေ့ရှိပြီး နှစ်စဉ် လိုလို အလုပ်သမား အများအပြား သေဆုံးရလေ့ ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အထည်ချုပ် စက်ရုံလုပ်ငန်းကနေ Wallmart ၊ Marks & Spencer နဲ့ H & M အပါအဝင် အနောက်နိုင်ငံတွေက စတိုးဆိုင်ကြီးတွေအတွက် အဝတ်အထည်တွေ ချုပ်လုပ် တင်ပို့ပေးနေတာ ဖြစ်ပါတယ်။

အထည်ချုပ် စက်ရုံတွေမှာ လူသုံးသန်းကျော် အလုပ်လုပ်ကိုင်နေပြီး အများစုက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။