ရန်ကုန် နဲ့ ယူနန် မြန်နှုန်းမြှင့် ရထားလမ်း ဖောက်တော့မည်

  • 16 ဒီဇင်ဘာ 2010
Hispeed railway
Image caption တရုတ်နိုင်ငံ အလယ်ပိုင်း က မြန်နှုန်းမြင့် ရထား လမ်း လို ဖြစ်လာမှာလား

ရန်ကုန် နဲ့ ယူနန် ကို ဆက်သွယ်မယ့် မြန်နှုန်းမြင့် ရထားလမ်း ကို လာမယ့် ဇန်နဝါရီ လ အတွင်း စတင် ဖောက်လုပ် တော့မယ် လို့ သိရ ပါတယ်။

ဒီ ရန်ကုန် ယူနန် ရထားလမ်း စီမံကိန်း နဲ့ ပတ်သက်ပြီး ချိုင်းနား ဒေလီ သတင်းဌာန က နိုဝင်ဘာ လကုန်ပိုင်း လောက် က ရေးသားခဲ့ပြီး မြန်နှုန်းမြင့် ရထားဟာ တနာရီ ကီလိုမီတာ ၂၀၀ နှုန်း ခုတ်မောင်း နိုင်ကြောင်း တရုတ် ထိပ်တန်း မီးရထား အကြံပေးအရာရှိ တဦး ကို ကိုးကား ပြီး ရေးသား ထား ပါတယ်။

တရုတ်နိုင်ငံ ယူနန် ပြည်နယ် နဲ့ မြန်မာ နိုင်ငံ အကြား ကုန်သွယ်မှု အများအပြား ရှိနေပြီး တရုတ်ဟာ မြန်မာ ပြည်ကို ဖြတ် ကာ ပင်လယ် ထွက်ပေါက် ကိုလည်း မျှော်မှန်း လုပ်ဆောင် နေတာပါ။

မြန်မာနိုင်ငံ ကုန်သည်နဲ့စက်မှုလုပ် ငန်းရှင်များ အသင်းချုပ် UMFCCI ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်လေး က မြန်မာပြည် ရဲ့ ပထဝီ အနေအထား က တရုတ် အပါ အဝင် ဒေသတွင်း နိုင်ငံ တွေ အကြား ကုန်စည် စီးဆင်းမှု လမ်းကြောင်း မှာ အချက် အချာ ကျ တဲ့ အတွက် အခု လို ရထားလမ်း တွေ ဟာ စီးပွားရေး အရ အကျိုး များစွာ ဖြစ်စေ လိမ့်မယ် လို့ ဆိုပါတယ်။

တရုတ်ဟာ ပြီးခဲ့တဲ့ ဇွန် လပိုင်း အတွင်း က လည်း မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုပ်နှံမှု တွေ ကို အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ကျော် ရင်းနှီးမြှုပ်နှံ ခဲ့ပါတယ်။

ဒါပေမယ့် တရုတ် ရင်းနှီးမြှုပ်နှံမှု တွေ ဟာ မြန်မာနိုင်ငံ သဘာဝ အရင်းအမြစ်တွေ အပေါ် မှာ သာ ဖြစ်လို့ နိုင်ငံ တကယ် အကျိုးစီးပွား ဖြစ်ရေး အတွက် အထူးသတိထား လုပ်ကိုင် ဖို့ လိုတယ် လို့ စီးပွားရေးပညာရှင် တွေက ထောက်ပြ ကြပါတယ်။