နယ်ခြားစောင့်တပ် ဒီကေဘီအေ တချို့ ပြန်တိုက်တဲ့ ဒီကေဘီအေ ကိုလာပေါင်း

  • 16 ဒီဇင်ဘာ 2010
dkba
Image caption ဒီကေဘီအေ စခန်း တခု

နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်း သွားတဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်ဟောင်း တချို့ ဒီကေဘီအေ ခွဲထွက် အဖွဲ့ ဆီကို ပြန်ပေါင်းပြီး၊ နအဖ အစိုးရ ကို ပြန်တိုက်ဖို့ ပြင်ဆင် နေကြ ပါတယ်။

BGF နယ်ခြားစောင့်တပ် ကိုစွန့်ပြီး လက်နက်တွေ နဲ့ အတူ ဒီကေဘီအေ ခွဲထွက်အဖွဲ့ ဆီကို သွားရောက် ပူးပေါင်းတဲ့သူ တွေဟာ မြဝတီမြို့နယ် သင်္ဃန်း ညီနောင် ဒေသ၊ မဲ့ကနယ် ခွင် ကို တာဝန်ယူ ထားတဲ့၊ BGF တပ်ရင်း ၁၀၂၂ ဗိုလ်မှူး မုတ်သုန် လက်အောက် က၊ဗိုလ် ကော်သိုက်ထူး နဲ့ နောက်လိုက် ၁၆ ယောက် ဖြစ်ပါတယ်။

သူတို့တွေ ဟာ ဒီကေဘီအေ ခေါင်းဆောင်ဟောင်း လည်းဖြစ်၊ သူတို့ရဲ့ လက်ရှိ BGF တပ်ရင်းမှူး လည်း ဖြစ်တဲ့သူ အပေါ် အယုံအကြည် မရှိ တော့ လို့ လက်နက်၊ ခဲယမ်း မီးကျောက် တွေနဲ့ အတူ ဒီကေဘီအေ ခွဲထွက် အဖွဲ့ နဲ့ သွား ပူးပေါင်း တာလို့ ဗိုလ်ကော်သိုက်ထူး က ဘီဘီစီ ကို ပြောပါတယ်။

ဗိုလ်ကော်သိုက်ထူး နဲ့ အတူ ပါသွားတဲ့ ၁၆ ယောက် အထဲက ၆ ယောက်ဟာ စစ်တိုက်ချင်စိတ် မရှိ တော့ပဲ၊ မိသားစု နဲ့ အတူ အရပ်သား အဖြစ် နေဖို့ ပြန်သွားတယ် လို့ သိရ ပါတယ်။

ကျန်တဲ့ ဆယ်ယောက် ကတော့၊ လက်နက်တွေနဲ့ အတူ ဖလူး တဝိုက်မှာ လှုပ်ရှားနေတဲ့ ဒီကေဘီအေ ခွဲထွက် အဖွဲ့ က ဗိုလ်မှူး စန်းအောင် နဲ့ ပူးပေါင်း လိုက်တယ် လို့ သိရ ပါတယ်။