တရုတ်နဲ့ အိန္ဒိယ ဒေါ်လာ ဘီလျံ တစ်ရာဖိုး ကုန်သွယ်

  • 16 ဒီဇင်ဘာ 2010
Image caption ဝမ်ဂျားဘောင်ရဲ့ အိန္ဒိယ ခရီးစဉ်မှာ တရုတ် စီးပွားရေး သမား အများအပြား ပါလာ

တရုတ်နိုင်ငံဟာ ၂၀၀၈ ခုနှစ်ကစပြီး အိန္ဒိယ နိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

အခုတော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား ၂၀၁၅ ခုနှစ်မတိုင်ခင် ဒေါ်လာ ဘီလျံ တစ်ရာဖိုး ကုန်သွယ် မှု ပြုမယ် လို့ သဘောတူ လိုက် တာပါ။

ဒီနှစ်ထဲမှာတင် နှစ်နိုင်ငံ အကြား ဘီလျံ ၆၀လောက် အထိ ကုန်သွယ် ခဲ့ကြပြီး ဖြစ်ပါ တယ်။

၂၀၅၀ ခုနှစ်လောက်ကျရင် ဒီ နှစ်နိုင်ငံဟာ ကမ္ဘာ့ ထိပ်သီး စီးပွားရေး နိုင်ငံကြီး နှစ်ခု ဖြစ်လာမယ်လို့ တစ်ပြေး နေ ပါတယ်။

အိန္ဒိယနိုင်ငံကနေ တရုတ်နိုင်ငံကို အဓိက တင်ပို့တဲ့ ကုန်ပစ္စည်းတွေက သတ္တု၊ သတ္တုရိုင်း၊ ကြေးနီ၊ ကျောက်မျက်နဲ့ အထည်စတွေ ဖြစ်ပါ တယ်။

တရုတ်ကနေ အိန္ဒိယကို အဓိက တင်ပို့တဲ့ ပစ္စည်းတွေကတော့ စက်ပစ္စည်း၊ သံ ၊သံမဏိ၊ မြေသြဇာနဲ့ ပိုးထည်တွေ ဖြစ်ပါ တယ်။

ကြာသပတေးနေ့က လက်မှတ်ရေးထိုးခဲ့တဲ့ ပူးတွဲ ကြေညာချက်ထဲမှာ အခြေခံ အဆောက် အအုံ တည်ဆောက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ၊ သတင်း နည်းပညာ၊ ကြေးနန်း ဆက်သွယ်ရေး၊ ရင်းနှီး မြုပ်နှံမှု နဲ့ ငွေကြေး ကိစ္စရပ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ နှစ်နိုင်ငံ သဘောတူ ခဲ့ကြတယ်လို့ ဖေါ်ပြထား ပါတယ်။

တရုတ်ဝန်ကြီးချုပ် ဝန်ဂျာဘောင်းရဲ့ ခရီးစဉ် ပထမဆုံးနေ့မှာ လုပ်ခဲ့တဲ့ စီးပွားရေး ညီလာခံအပြီးမှာပဲ ဒေါ်လာ ၁၆ ဘီလျံဖိုး လျှပ်စစ်၊ ကြေးနန်း ဆက်သွယ်ရေး၊ သံမဏိ၊ လေအား လျှပ်စစ် စွမ်းအင်၊ အစားအသောက်နဲ့ ပင်လယ် ထွက်ကုန် လုပ်ငန်းတွေရဲ့ စီးပွားရေး ကုမ္ပဏီတွေက သဘောတူ စာချုပ် ၅၀လောက် လက်မှတ် ရေးထိုး ခဲ့ကြ ပါတယ်။

အိန္ဒိယနဲ့ တရုတ် အကြား နယ်စပ် ပြဿနာမျိုးလို ညှိနှိုင်း မရတဲ့ ပြဿနာတွေ ရှိနေ ပေမဲ့လည်း အာရှ ဒေသက အရေးပါတဲ့ စီးပွားရေး နိုင်ငံကြီး နှစ်နိုင်ငံ အနေနဲ့ နောက်ထပ် သာယာ ဝပြောဖို့ အခွင့်အလမ်းတွေ ရှိနေတာကြောင့် နှစ်နိုင်ငံအကြား အပြု သဘောဆောင်တဲ့ စီးပွားရေး ပြိုင်ဆိုင်မှု တွေ လုပ်သွားဖို့ ရှိတယ်လို့ အိန္ဒိယ စီမံကိန်း ကော်မရှင် ဒုတိယ ဥက္ကဌ က ဘီဘီစီကို ပြောပါတယ်။