ဂျပန်မှာ စစ်တပ် ပြင်ဆင်ဖွဲ့စည်းမယ်လို့ ကြေညာ

  • 17 ဒီဇင်ဘာ 2010
Japan military
Image caption ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ခေတ်အမှီဆုံး စစ်လက်နက် တွေ ပိုင်ဆိုင်တဲ့ နိုင်ငံတခု ဖြစ်။

တရုတ်အစိုးရက စစ်ရေး အင်အား တိုးချဲ့မှုတွေ လုပ်လာနေတာကို တန်ပြန်တဲ့အနေနဲ့ ဂျပန် အစိုးရက သူ့စစ်တပ်ကို ပြင်ဆင် ဖွဲ့စည်းမယ်လို့ ထုတ်ပြန် ကြေညာလိုက် ပါတယ်။

ဂျပန်အစိုးရက အခုလို စစ်တပ်ကို ပြင်ဆင် ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ ဒါဟာ လုပ်သင့်တာ အတော်ကြာနေပြီလို့ အများက ယူဆနေကြတာပါ။

ဒါပေမဲ့ ကိုးရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်နေချိန်၊ ဂျပန်အစိုးရနဲ့ တရုတ် အစိုးရ အကြား လတ်တလော သံတမန်ရေး အကြီးအကျယ် အဆင်မပြေမှုတွေ ဖြစ်နေချိန်၊ ပြီးတော့ တရုတ်ရဲ့ စစ်ရေး ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ မေးခွန်း ထုတ်မှုတွေ ဒေသတွင်းမှာ တိုးပွား လာနေချိန်မျိုးမှာ ဂျပန်အစိုးရက အခုလို စစ်တပ်ကို ပြင်ဆင် ဖွဲ့စည်းဖို့ လုပ်လိုက်တာ ကလည်း အတော့်ကို တာသွားတယ်လို့ ဆိုရမှာပါ။

တခါ အမေရိကန် အစိုးရကလည်း ဒေသတွင်းမှာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေပိုချပြီး စိတ်ဝင်စားမှု ပိုပြလာတာကိုလည်း တွေ့ရပါတယ်။

တရုတ်အစိုးရဖက်ကတော့ ဂျပန်အစိုးရ စစ်တပ် ပြင်ဆင်ဖွဲ့စည်းမဲ့ ကိစ္စကိုတင် မက တောင်ကိုးရီးယား၊ သြစတြေးလျ စတဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် မဲ့ ကိစ္စကိုလည်း လေးလေးနက်နက် သတိထားမိနေတာပါ။

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကာကွယ်ရေး ဆိုင်ရာ အသုံးစရိတ် အများဆုံး သုံးတဲ့ နိုင်ငံတခု ဖြစ်သလို ကမ္ဘာပေါ်မှာ ခေတ်အမှီ ဆုံး စစ်လက်နက်တွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။

ဂျပန် အစိုးရဟာ စစ်ဖက်ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဆိုင်ရာ ကန့်သတ်ထားချက်တချို့ကို သတိကြီးကြီးထား လျှော့ချပေးတာမျိုး အပါအဝင် ပြင်ဆင်မှု တွေ လုပ်လာတာကတော့ အတော်ကြာခဲ့ပါပြီ။

ဒေသတွင်းမှာ ဂျပန်နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အတိမ်းအစောင်း မခံမှုတွေ ဖြစ်လာအောင် ဂျပန်နိုင်ငံကိုယ်တိုင်က လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း အခုလောလောဆယ် ဒေသတွင်းမှာ စစ်ဖက်ဆိုင်ရာ ခေတ်မှီ တိုးတက်အောင် တွန်းလုပ်လာနေပြီး အဓိက နည်းဗျူဟာပိုင်းမှာ အားစိုက်လုပ်လာနေတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ သူတို့ဟာ ဘယ်သူ့ကိုမှ ခြိမ်းခြောက် အန္တရာယ် မပေးပါဘူးလို့ အခိုင်အမာ ပြောနေတာပါ။

ဒါပေမဲ့ တရုတ်တို့က စစ်အင်အား တိုးချဲ့မယ်လို့ ပြောဆိုနေတာဟာ ထိန်းမနိုင် သိမ်းမရ ဖြစ်လွန်းအားကြီးတယ်လို့ နိုင်ငံတချို့က ယူဆနေပါတယ်။

တခါ ကမ္ဘာ့စင်မြင့်ပေါ် တရုတ်နိုင်ငံ တက်လာတာနဲ့ ပတ်သက်လို့ အာရှဒေသက နိုင်ငံတွေအားလုံးက လေ့လာ စောင့်ကြည့်နေကြသလို အာရှနိုင်ငံ အချင်းချင်းအကြား မှာရော၊ အမေရိကန် အစိုးရနဲ့ပါ ပူးပေါင်းဆက်ဆံမှုတွေ လုပ်ဖို့နဲ့ စစ်ဖက်ဆိုင်ရာ ခေတ်မှီ တိုးတက်အောင် လုပ်ရေးကိစ္စတွေကို ဂျပန်နိုင်ငံ တင်မက အာရှဒေသတွင်းက နိုင်ငံ အတော်များများကပါ အခုအခါ စဉ်းစားလာနေကြပြီ ဖြစ်ပါတယ်။