အာဖဂန်မြို့ ၂ မြို့ ဗုံးခွဲတိုက်ခိုက်ခံရ

  • 19 ဒီဇင်ဘာ 2010
afghanistan
Image caption အာဖဂန် က အခင်းဖြစ်ပွား ရာနေရာ

အာဖဂန်နစ္စတန် နိုင်ငံမှာ တော့ ကာဘူးလ် မြို့တော်မှာ ရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ တွေရဲ့ လေ့ကျင့် သင်တန်းကျောင်းနဲ့ နိုင်ငံ မြောက်ပိုင်းက ကွန်ဒူးစ် မြို့ က စစ်သားစုဆောင်းရေး စခန်း တစ်ခုတို့ မှာ တပြိုင်နက်ထဲဆိုသလို အသေခံ ဗုံးခွဲတိုက်ခိုက် ခံခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ထဲက အနဲဆုံး ၁၃ ဦးလောက် သေဆုံး သွားခဲ့ရပါတယ်။

စခန်းမှာ မနက်ပိုင်း လူသစ်တွေ ရောက်စ အချိန်မှာ တိုက်ခိုက်ခံခဲ့ ရတာဖြစ်ပြီး ဗုံးသမားတွေ ဘက်ကတော့ ၅ ဦး သေဆုံးသွားပါတယ်။

ကာဘူးလ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အာဖဂန် ရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမက် အာယုဒ် ဆာလာဂီက စစ်မှုထမ်းတွေ ဖြတ်သွားနေစဉ်မှာ အကြမ်းဖက်သမားတွေ က အေကေ ၄၇ တွေနဲ့ စပြီး ပစ်ခဲ့ကြတာ ဖြစ်ကြောင်း၊ လုံခြုံရေးတွေက ပြန်ပစ်ခဲ့ကြတဲ့ အကြောင်းနဲ့ အသေခံ ဗုံးသမား တဦးက ဘတ်စကားတစင်းထဲကို တက်ပြီး ဖောက်ခွဲ ပစ်နိုင်ခဲ့ပေမယ့် နောက် တစ်ယောက် ကတော့ ဒီလို လုပ်ဖို့ အခွင့် အရေးမရခဲ့ ကြောင်းတွေကို ပြောကြားသွား ခဲ့ပါတယ်။

ကွန်ဒူးစ် မြို့က စစ်သားစုဆောင်းရေး စခန်း ဘက်မှာ သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေကို ကြားနေရပြီး အထဲမှာ လူ ၁၀၀ ဝန်းကျင်လောက်လဲ ပိတ်မိ နေကြမယ်လို့ ခန့်မှန်း နေကြပါတယ်။ စနေနေ့ကတော့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် ဟာ ကွန်ဒူးစ်မြို့ မှာ တပ်စွဲထားကြတဲ့ ဂျာမန်တပ်ဖွဲ့တွေ ကို သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။