NDF လွှတ်တော် ကော်မတီ ဖွဲ့စည်း

  • 19 ဒီဇင်ဘာ 2010
Image caption NDF ပါတီဝင်တွေ ရုံးရှေ့မှာ ရိုက်ထားတဲ့ ဓါတ်ပုံ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေး ပါတီတွေ လာမဲ့လမှာ ကျင်းပမဲ့ လွှတ်တော် အတွက် ပြင်ဆင်မှုတွေ လုပ်နေကြ ရာမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ကလည်း လွှတ်တော် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။

ဒီ ကော်မတီ က ဘာတွေ ဆောင်ရွက် သွားမှာလဲ ဆိုတာကို တော့ ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပါတီရဲ့ ရှေ့လုပ်ငန်း စဉ် တွေအဖြစ် လွှတ်တော်ထဲမှာ အဆိုပြုဖို့ မူကြမ်းတွေ ကို ရေးဆွဲထား တဲ့ အကြောင်း၊ မူကြမ်း ပေါင်း ၃၅ ခုလောက်ထဲက ၁၀ ခုလောက်ကို ရွေးထုတ်ပြီး တင်သွင်းသွားမှာ ဖြစ်ကြောင်း၊ ဒီမူကြမ်း တွေကို လွှတ်တော်ရေးရာ လုပ်ထုံးလုပ်နည်းတွေ နဲ့အညီ တင်သွင်းနိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ် များ၊ ဥပဒေ ရေးရာ ပညာရှင် တွေနဲ့ အဖွဲ့ ချုပ် ခေါင်းဆောင်များ အပတ်စဉ် လွှတ်တော်ရေးရာ ကော်မတီ ကျင်းပပြီး ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အဓိက ဦးစားပေး အနေနဲ့ လက်ဝါးကြီးအုပ် စီးပွားရေးနဲ့ ဆက်သွားလို့ မဖြစ်သလို တနိုင်ငံလုံး အတိုင်းအတာနဲ့ အစွမ်းအစ ရှိသူတိုင်း စီးပွားရေးထဲ ပါဝင်နိုင်အောင် စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ ဖြစ်ကြောင်းနဲ့ ကျန်တဲ့ လူမှုရေး ၊ ကျန်းမာရေးတွေ အတွက် အဆိုပြုချက်တွေလည်း ပါဝင်ကြောင်း ပြောပါတယ်။

နိုင်ငံရေးပိုင်းမှာတော့ နိုင်ငံရေး အကျဉ်းသား အားလုံးနဲ့ အကျဉ်းထောင် အားလုံးကို ဖွင့်လို့ လွှတ်ငြိမ်းချမ်းသာခွင့် ပေးရေး အတွက် ဥပဒေ တရပ် ထုတ်ပြန်ဖို့ အဆိုတင်မှာ ဖြစ်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအနေနဲ့တော့ တိုင်းပြည်ကောင်းစေချင်တယ် ဆိုရင် ဒီအဆိုပြုချက်တွေကို ထောက်ခံရမှာ ဖြစ်ကြောင်းနဲ့ မလုပ်ခဲ့ရင်တော့ နောက်မှာ ပြည်သူတွေရဲ့ အဆုံးအမကို ခံရမှာ ဖြစ်ကြောင်း ပြောကြားသွား ပါတယ်။