ထိုင်း အရေးပေါ် ကြေညာချက် ရုပ်သိမ်း

  • 21 ဒီဇင်ဘာ 2010

ဘန်ကောက်ခရိုင်နဲ့ အနီးအနားက ခရိုင်အားလုံးပေါင်း လေး ခုမှာ ဗုဒ္ဓဟူး နေ့က စပြီး ကို အရေးပေါ် ကြေညာချက် ရုပ်သိမ်း တော့ မှာ ဖြစ်ပါတယ်။

Image caption ထိုင်းနိုင်ငံက ရှပ်နီဝတ် ဆန္ဒပြသူများ

ဒါဟာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အစိုးရက ထိန်းချုပ်ထားနိုင်တဲ့ သဘောလို့ မြင်ရပါတယ်။ ဆန္ဒ ပြတဲ့ ရှပ်နီ ခေါင်းဆောင် တွေကို ပြန်လွှတ် မပေး သေးတဲ့ အတွက် အတိုင်း အတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်သလို ဗုံးကွဲတာတွေ ကလည်း မရှိတော့တာက တစ်ကြောင်း၊ အခု အချိန်က ခရီးသွား ကာလဖြစ် တာမို့ ခရီးသွားလုပ်ငန်းကို အားထားတဲ့ ထိုင်းနိုင်ငံ အနေနဲ့ အရေးပေါ် ကြေညာချက်ကို မရုပ်သိမ်း ရင် မသင့်တော်တော့ တာက တစ်ကြောင်း ကြောင့် အစိုးရက ပြန်ရုပ်သိမ်းတာ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဆန္ဒပြသူတွေ ရှိရင် အရေးပေါ် ကြေညာချက် ဥပဒေအစား ပြည်တွင်း လုံခြုံရေး ဥပဒေနဲ့ အရေးယူနိုင်တယ်လို့ အစိုးရက ပြောတာကိုက နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်မှာ မဟုတ်ဘူး ဆိုတာ ယုံကြည် စိတ်ချလို့ မရသေး တာကို ပြနေတယ်လို့ ဆိုနိုင်ပါတယ်။

ဒီနေရာမှာ ပြည်တွင်း လုံခြုံရေး ဥပဒေနဲ့ အရေးပေါ် ကြေငြာချက် တို့ရဲ့ အခွင့် အာဏာ တွေကို နှိုင်းယှဉ် ကြည့်ရင်တော့ အရေးပေါ် ကြေညာချက် ဥပဒေက အထူးအာဏာ ရှိပြီး နိုင်ငံရေး အရ လူ ငါးယောက် ထက် ပိုစုလို့ မရသလို ဖမ်းဝရမ်း မပါဘဲ ဖမ်းချင်တဲ့သူကို အလွယ်တကူ ဖမ်းနိုင်ပါတယ်။ ဒါ့အပြင် လုံခြုံရေးအဖွဲ့တွေ ကလည်း စစ်ဆေးနိုင် ပါတယ်၊ ပြည်တွင်း လုံခြုံရေးဥပဒေက ပုံမှန်အတိုင်း နိုင်ငံတကာမှာ သုံးနေတဲ့ ဥပဒေ တွေလို သက်သေ အထောက်အထား ခိုင်လုံမှ ဖမ်းဆီးလို့ရပါတယ်၊ ထူးခြားမှု မရှိပါဘူး။ ဒါကြောင့် ဆန္ဒ ပြပွဲတွေ ပြန်ပေါ်လာ နိုင်တဲ့ အခြေ အနေတွေ ဖြစ်လာနိုင် ပါတယ်။

အခုလို အရေးပေါ် ကြေညာချက် ရုပ်သိမ်းလိုက်တာကို သာမန် ပြည်သူတွေ ကတော့ သူတို့ အတွက် ထူးထူးခြားခြားမရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲတွေ ပြန် ဖြစ်လာမှာ ကိုတော့ စိုးရိမ်ကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့ဆန္ဒပြပွဲ တွေကြောင့် ဘန်ကောက် မြို့ခံတွေ ပျက်စီး ဆုံးရှုံးမှု များတဲ့ အတွက် အဲဒီလိုမျိုး ရက်ရှည် ဆန္ဒပြ ကြမယ် ဆိုရင် ရပ်ကွက်သူ ရပ်ကွက်သား တွေရဲ့ ဆန့်ကျင်မှုကို ခံရနိုင်ပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့ရက်ပိုင်းက ဆန္ဒပြမှုတွေမှာ နာရီပိုင်းပဲ စုရုံးဆန္ဒ ပြတာတွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ထိုင်းပြည်သူတွေ ကြားမှာ စိတ်ဝမ်းကွဲမှု တွေက ရှိနေတုန်းဖြစ်လို့ ထိုင်းနိုင်ငံမှာ နိုင်ငံရေး တည်ငြိမ်ဖို့က အချိန်ကြာဦးမယ့်ပုံ ပေါ်ပါတယ်။