အိုင်ဗိုရီကို့စ်ကို ခရီးမသွားကြဖို့ ဆော်သြ

  • 22 ဒီဇင်ဘာ 2010

မတင်မကျ နိုင်ငံရေး အခြေအနေတရပ်ကို ရောက်နေတာမို့ အိုင်ဗိုရီကို့စ်ကို ခရီးမသွားကြဖို့ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေက သူတို့ နိုင်ငံသားတွေကို တောက်လျှောက် အကြံပြု နေပါတယ်။

Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ ပြည်တွင်းစစ် ဖြစ်သွားနိုင်တယ်လို့ ပြော

ပြင်သစ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က အိုင်ဗိုရီကို့စ်ကို သွားဖို့ ပြင်ဆင်နေရင် ခရီးစဉ်တွေ ဖျက်ပစ်လိုက်ဖို့ နိုင်ငံသားတွေကို တိုက်တွန်း လိုက်ပါတယ်။

အိုင်ဗိုရီကို့စ်နိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်လို့ နိုင်ငံတကာက အသိအမှတ် ပြုထားတဲ့ Alassane Ouattara တည်းခိုနေတဲ့ ဟိုတယ်မှာ ပိတ်ဆို့ ထားတာတွေကို ဖယ်ရှားပေးမယ်လို့ လက်ရှိ အာဏာ ယူထားဆဲဖြစ်တဲ့ အစိုးရက ကတိပြုထားပေမယ့် အခုထက်ထိ မဖယ်ရှားကြသေးဘူးလို့ သိရပါတယ်။

ရွေးကောက်ပွဲမှာ လက်ရှိသမ္မတနဲ့ ပြိုင်ဘက် သမ္မတလောင်း သူနိုင်ကိုယ်နိုင် အပြိုင် ကြေညာခဲ့ပြီး လက်ရှိသမ္မတ Laurent Gbagbo က မနေ့က လွတ်လပ်စွာ သွားလာခွင့် ပြုမယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ ဟိုတယ် ပတ်လည် လမ်းတွေမှာ စစ်ဆေးရေး ဂိတ်တွေနဲ့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ဟိုတယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၈၀၀ က စောင့်ကြပ်ထား ပေမယ့်လည်း လိုအပ်တဲ့ အစားအစာ၊ ဆေးဝါးစတာတွေ ကိုတော့ ပေးမသွင်းဘဲ ဖြတ်တောက် ထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ အခုလို မတင်မကျ ဖြစ်နေရာကနေ ပြည်တွင်းစစ်အထိ ဖြစ်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ အိုင်ဗိုရီကို့စ်ကို ပေးနေတဲ့ ဘဏ္ဍာရေး အကူအညီတွေကို ရပ်ဆိုင်းထားလိုက်ပြီလို့ ဘဏ်ဥက္ကဌက ပြောခဲ့ပါတယ်။