ဘက်ဘိုကို ဖယ်ရှားဖို့ အာဖရိက အဖွဲ့ပြော

  • 25 ဒီဇင်ဘာ 2010
Gbagbo
Image caption လောရင့် ဘက်ဘို ရာထူးက ဆင်းအောင် ဖိအားပေးမှုတွေ ပိုများလာ

အိုင်ဗရီကို့စ နိုင်ငံ သမ္မတ လောရင့် ဘက်ဘိုကို ရာထူးက မဆင်းပေးရင် အင်အားသုံး ဖယ်ရှားတာ ခံရမယ်လို့ အနောက် အာဖရိက နိုင်ငံတွေက ခေါင်းဆောင်တွေက သတိပေး လိုက်ပါတယ်။

နိုက်ဂျီးရီးယား နိုင်ငံမှာ အနောက်အာဖရိက နိုင်ငံများ အဖွဲ့ အီကိုဝက်စ ကအရေးပေါ် ထိပ်သီး စည်းဝေးပွဲခေါ်ပြီး လော့ရင့်ဘက်ဘို ရာထူးက မဆင်းရင် အရေးယူ လုပ်ဆောင် သင့်တာတွေ လုပ်ဖို့ အနောက်အာဖရိက နိုင်ငံတွေက စစ်ရေးတာဝန်ခံတွေ မကြာခင် တွေ့ဆုံကြတော့မှာ ဖြစ်တယ်လို့ အီကိုဝက်စက ကြေငြာချက် ထုတ်ပြန်ပြီး အသိပေးလိုက်ပါတယ်။

ခုလောလောဆယ် အီကိုဝက်စ အဖွဲ့က ဖိအားပေးရုံ ပေးနေပြီး သမ္မတသစ် အာဏာ ရလာအောင် ခုထက် အများကြီး ပိုဖိအားပေးရမယ်လို့ ပြောပါတယ်။

အဘစ်ဂျန် မြို့တော်မှာ ခုနောက်ဆုံး အပြင် မထွက်ရ အမိန့် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပေမဲ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် နိုင်ငံတကာက အသိအမှတ် ပြုခံထားရတဲ့ အလာဆန်း အွာတရာကို ထောက်ခံသူတွေက အကြမ်းဖက် ရန်လုပ်ခံရမှာ စိုးတဲ့အတွက် အပြင်မထွက်ကြဘူးလို့ အဘစ်ဂျန်က ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ထားပါတယ်။