အိုင်ဗရီကို့စကနေ လူသောင်းချီ ထွက်ပြေး

  • 26 ဒီဇင်ဘာ 2010
Ivory Coast
Image caption ရွေးကောက်ပွဲ အပြီး အကြမ်းဖက်မှု တွေကနေ လူပေါင်း သောင်းချီ ထွက်ပြေး

အိုင်ဗရီကို့စ နိုင်ငံက အငြင်းအခုံ ဖြစ်နေတဲ့ သမ္မတ ရွေးကောက်ပွဲ အပြီးမှာ အကြမ်း ဖက်မှုတွေကြောင့် အိုင်ဗရီကို့စ နိုင်ငံက လူပေါင်း တသောင်း လေးထောင် လောက်ဟာ အိမ်နီးချင်း လိုင်ဘေးရီးယား နိုင်ငံထဲ ထွက်ပြေး ဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

ထွက်ပြေးလာသူ အများစုဟာ အမျိုးသမီးနဲ့ ခလေးတွေ ဖြစ်တယ်လို့ ယူအင်အိပ်ချစီရာက ပြောပြီး သူတို့ လိုအပ်ချက်တွေနဲ့ သူတို့ကို ခေါ်လာတဲ့ ရွာသားတွေရဲ့ လိုအပ်ချက်တွေဟာ တနေ့တခြား များပြားလာတယ်လို့ ဆိုပါတယ်။

လိုင်ဘေးရီးယား နိုင်ငံအပြင် တခြားကို ထွက်ပြေးတဲ့ အိုင်ဗရီကို့စ နိုင်ငံသား နောက်ထပ် သုံးထောင်လောက် ရှိတယ်လို့လည်း ကုလသမဂ္ဂရဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

ထွက်ပြေးလာသူ အများစုဟာ ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် နိုင်ငံတကာက အသိအမှတ် ပြုနေတဲ့ အလာဆန်း အွာတရာကို ထောက်ခံသူတွေ ဖြစ်ပါတယ်။

အစောပိုင်းကတော့ အာဖရိက အနောက်ပိုင်း နိုင်ငံများ အဖွဲ့က နိုက်ဂျီးရီးယား နိုင်ငံမှာ အရေးပေါ် ထိပ်သီး စည်းဝေးပွဲခေါ်ပြီး လော့ရင့်ဘက်ဘို ရာထူးက မဆင်းရင် အရေးယူ လုပ်ဆောင် သင့်တာတွေ လုပ်ဖို့ အနောက်အာဖရိက နိုင်ငံတွေက စစ်ရေးတာဝန်ခံတွေ မကြာခင် တွေ့ဆုံကြတော့မှာ ဖြစ်တယ်လို့ ကြေငြာချက် ထုတ်ပြန်ပြီး အသိပေးလိုက်ပါတယ်။

ခုလောလောဆယ် အီကိုဝက်စ အဖွဲ့က ဖိအားပေးရုံ ပေးနေပြီး သမ္မတသစ် အာဏာ ရလာအောင် ခုထက် အများကြီး ပိုဖိအားပေးရမယ်လို့ ပြောပါတယ်။

အဘစ်ဂျန် မြို့တော်မှာ ခုနောက်ဆုံး အပြင် မထွက်ရ အမိန့် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပေမဲ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် နိုင်ငံတကာက အသိအမှတ် ပြုခံထားရတဲ့ အလာဆန်း အွာတရာကို ထောက်ခံသူတွေက အကြမ်းဖက် ရန်လုပ်ခံရမှာ စိုးတဲ့အတွက် အပြင်မထွက်ကြဘူးလို့ အဘစ်ဂျန်က ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ထားပါတယ်။