စစ်ပွဲ က နေပြေးလာတဲ့ မြန်မာဒုက္ခသည် တွေကို ထိုင်း က ပြန်ပို့နေ

  • 26 ဒီဇင်ဘာ 2010
refugees
Image caption ထိုင်းကနှင်လိုက် စစ်ပွဲ ဖြစ်လို့ ပြန်လာလိုက် လုပ်နေ ကြရတဲ့ ဒုက္ခသည် တွေ

လောလောဆယ် ဖြစ်ပွား နေတဲ့ စစ်ပွဲ ရန်ကြောင့် ထိုင်း နိုင်ငံ နယ်စပ် ဝေါ်လေ ရွာ မှာ ခိုလှုံနေကြတဲ့ မြန်မာ ဒုက္ခသည် ၂၀၀ ကျော် ကို ထိုင်း အာဏာပိုင် တွေက စနေနေ့ မှာ မူရင်း နေရပ် ကို ပြန်ပို့ လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘုရင့် သမီးတော် မဲဆောက် ကို တနင်္လာနေ့ မှာ လာဖို့ အစီအစဉ် ရှိနေတဲ့ အတွက် မဲဆောက်နဲ့ နီးတဲ့ ဝေါ်လေ အရပ် က မြန်မာ ဒုက္ခသည် တွေ ကို အိမ်ပြန် ပို့တာ လို့ ထိုင်း ဒေသခံ အာဏာပိုင် တွေ က ဆိုပါတယ်။

ထိုင်းစစ်တပ် က အခု ရက်ပိုင်း တွေ အတွင်း မြန်မာ အစိုးရ စစ်တပ် ကို အဲဒီ နယ်စပ် တဝိုက်မှာ တိုက်ခိုက်မှု တွေ လုပ်နေတဲ့ ကေအန်ယူ နဲ့ ဒီကေဘီအေ အဖွဲ့တွေကို တိုက်ပွဲ တွေ ရပ်ဆိုင်း ထားပေး ဖို့ မေတ္တာရပ်ခံ ထားကြောင်း လည်း သိရ ပါတယ်။

ဒါပေမယ့်လည်း စစ်ပွဲ တွေက အချိန်မရွေး ဖြစ်နိုင်တာမို့ ပြန်သွားရတဲ့ ဒုက္ခသည် တွေရဲ့ လုံခြုံရေး ဟာ စိုးရိမ် စရာ ဖြစ်ကြောင်း နဲ့ ထိုင်း အစိုးရ အနေနဲ့ အခုလို ဒုက္ခသည် တွေ ကို စနစ်တကျ လုံခြုံတဲ့ နေရာ မှာ ခိုလှုံခွင့် ပြုထားဖို့ စီစဉ်ရမယ့် အစား အခုလို ပြန်ပို့ တာဟာ ဘယ်လိုမှ မဖြစ်သင့် ကြောင်း လူ့အခွင့်အရေး ပညာပေး ဌာန မြန်မာ နိုင်ငံ က ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။