အဂတိလိုက်စားမှု တရုတ်အရေးတကြီး တိုက်ဖျက်

  • 29 ဒီဇင်ဘာ 2010
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆန္ဒပြ
Image caption အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆန္ဒပြ

တရုတ် အစိုးရက လူထုယုံကြည်မှု ပြန်ရအောင်ကြိုးပမ်းတဲ့အနေနဲ့ အဂတိလိုက်စားမှုကို ပြင်းပြင်းထန်ထန် တိုက်ဖျက် အရေးယူသွားမယ်လို့ အစိုးရက ကတိပြုလိုက်ပါတယ်။

တရုတ် ကွန်မြူနစ်ပါတီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြီးအကဲ Wu Yuliang ကတော့ မနှစ်ကနဲ့စာရင် တတိုင်းပြည်လုံး အလွှာအသီးသီးမှာ အဂတိလိုက်စားမှု နဲနဲပိုများလာတယ်လို့ သတင်းထောက်တွေကိုပြောသွားပါတယ်။

ပထမဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အဂတိလိုက်စားမှုဟာ အချို့အမှုတွေမှာ ငွေအများအပြားအလွဲသုံးစားလုပ်ပြီး ဥပဒေချိုးဖေါက်မှု အတော်ရှုတ်ထွေးတာ တွေ့ရတယ်လို့ တရုတ်အာဏာပိုင်တွေ ကဝန်ခံသွားပါတယ်။

ဧည့်ခံပွဲတွေ ညီလာခံတွေမှာ အလွန်အကျွံ ငွေမသုံးစွဲဖို့အပါအဝင် ပါတီဝင်တွေရဲ့ ဝင်ငွေနဲ့ ရင်းနှီးမြှုပ်နှံမှုမှာလည်း စည်းမျဉ်းအသစ်တွေပြဌာန်းမယ်လို့ အစီရင်ခံစာ ထဲမှာ ဖေါ်ပြထားပါတယ်။ အဂတိ လိုက်စားမှုတွေကို ဖေါ်ထုတ်ရေးသားတဲ့ သတင်းမီဒီယာတွေနဲ့ အင်တာနက်ရဲ့ စွမ်းဆောင်မှုကို အစီရင်ခံစာထဲမှာ ချီးကျူးထားပါတယ်။