နှစ်သစ်ကို ကမ္ဘာသူ ကမ္ဘာသားတွေ ကြိုဆို

  • 1 ဇန်နဝါရီ 2011
new year
Image caption ကမ္ဘာ တဝှမ်း လူပေါင်း သန်းချီပြီး နှစ်သစ်ကို ပျော်ပွဲ ရွှင်ပွဲတွေနဲ့ ကြိဆိုခဲ့ကြ

၂၀၁၁ ခုနှစ်ရဲ့ ပထမဆုံး နေ့ရက်ကို ကမ္ဘာ့ အရှေ့ဘက် နယူးဇီလန်ကနေ အနောက် ဘက်ဥရောပထိ တကမ္ဘာလုံးက လူသားတွေ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး ကြိုဆို ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ တိုကျိုမြို့မှာ ငွေရောင် မိုးပျံ ပူဖေါင်းတွေကို လွှတ်တင် ကြိုဆိုခဲ့ကြပြီး ဗီယက်နမ် နိုင်ငံ ဟနွိုင်းမှာလည်း ပထမဆုံး အကြိမ်အဖြစ် မနေ့ညက ဒေသစံတော်ချိန် ညဆယ့်နှစ်နာရီ ထိုးခါနီးမှာ စက္ကန့်တံနဲ့ အပြိုင် အမှတ်စဉ် အော်ပြီး ကြိုဆိုခဲ့ကြပါတယ်။

ဆစ်ဒနီမြို့က ပျော်ပွဲ ရွှင်ပွဲ အခမ်းအနား တွေကတော့ဖြင့် ဒီနှစ် ကမ္ဘာမှာ အစည်ကားဆုံးလို့ ပြောကြပါတယ်။

ဟာဘာ တံတားပေါ်က ပစ်ဖောက်တဲ့ မီးရှုးမီးပန်းတွေဟာ တန်ချိန်အားဖြင့် ခုနှစ်တန် အလေးချိန်လောက်ထိကို များပြားလှပြီး လူပေါင်း တသန်းခွဲလောက်ဟာ မြို့ထဲက အစည် ကားဆုံး နေရာဖြစ်တဲ့ ဟာဘာတံတားနဲ့ အော်ပရာ ပြဇာတ်ရုံကြီးနားမှာ နေ့လည်လောက် ကတည်းက စုဝေးရောက်ရှိနေပါတယ်။

လန်ဒန်မြို့မှာလည်း ခုလွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကပဲ နှစ်ကူးတာမို့ ဘီဘီစီ အသံလွှင့် ရုံကနေ ငါးမိနစ် လမ်းလျှောက်ရုံလောက်သာ ဝေးတဲ့ ဝါတာလူး တံတားနားက လန်ဒန် မျက်စိလို့ သိကြတဲ့ ရဟတ်ကြီးမှာ မီးရှုးမီးပန်းတွေ ပစ်ဖေါက် ကြိုဆိုကြပါတယ်။

အတ္တလန္တိတ် သမုဒ္ဒရာ တဘက်ခြမ်းက အမေရိက တိုက်မှာတော့ လောလောဆယ် ၂၀၁၀ ခုနှစ်ထဲမှာဘဲ ရှိသေးပြီး နယူးယောက်မြို့ တိုင်းရင်ပြင်မှာ နှစ်သစ်ကူးချိန်ကို ကြိုဆိုဖို့ လူပေါင်း တသန်းလောက်ထိ လာရောက် စုဝေးကြလိမ်မယ်လို့ ခန့်မှန်းရပါတယ်။

တနှစ်ပြီး တနှစ် စီးပွားရေး အရ အရေးပါလာတဲ့ အာရှဘက်ကို ကြည့်ရင် ဟောင်ကောင်က ဝိတိုရီယ ဆိပ်ကမ်းမှာ မီးရှုးမီးပန်းတွေ အများအပြား ပစ်ဖေါက်ပြီး နှစ်သစ်ကို ကြိုဆို ခဲ့ပါတယ်။

ဗီယက်နမ် နိုင်ငံဟာ နှစ်သစ်ကို ပထမဆုံး အကြိမ်အဖြစ် တရားဝင် အခမ်းအနားနဲ့ ကြိုဆိုခဲ့သလို ဖိလစ်ပိုင် နိုင်ငံမှာလည်း နိုင်ငံသူ နိုင်ငံသားတွေဟာ နှစ်သစ်ကို အသံကုန်ဟစ်ပြီး ကြိုဆိုခဲ့ပါတယ်။

ပျော်ပွဲရွှင်ပွဲတွေကို ဆူဆူညံညံ ကျင်းပတဲ့အခါ မကောင်းဆိုးဝါးတွေလည်း မနေနိုင်ဘဲ ထွက်ပြေး ကြတယ်လို့ ဖိလစ်ပိုင်တွေမှာ အယူရှိပါတယ်။

တကမ္ဘာလုံးမှာ မီးရှုးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုနေချိန်မှာ မြန်မာ နိုင်ငံမှာတော့ စစ်အစိုးရက မီးရှုးမီးပန်း ဖောက်တာကို ပိတ်ပင်ထားပြီး မီးရှုးမီးပန်း ပစ်ဖောက်သူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ သတိ ပေးထားပါတယ်။

တဘက်မှာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည် အကျိုးစီးပွား အတွက် နှစ်သစ်မှာ အင်သစ် အားသစ် တွေနဲ့ အတူ ရုန်းကန် တိုက်ပွဲဝင်သွားဖို့ တောင်းဆိုခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ဟာ မြန်မာ ပြည်သူတွေ အပါအဝင် တကမ္ဘာလုံးက ပြည်သူတွေအတွက် မနှစ်ကထက် ပိုပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ် ဖြစ်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဆောင်ကြဉ်းပေးမဲ့ အဖွဲ့အစည်း ပေါင်းစုံပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တခုကို မျှော်လင့်ကြောင်း ပြောပြသွားပါတယ်။