အီဂျစ် ဘုရားကျောင်းတိုက်ခိုက်မှု

  • 1 ဇန်နဝါရီ 2011
ဘုရားကျောင်းတိုက်ခိုက်မှု မြင်ကွင်း
Image caption ဘုရားကျောင်းတိုက်ခိုက်မှု မြင်ကွင်း

အီဂျစ်နိင်ငံ မြောက်ပိုင်း Alexandria မြို့မှာ ဘုရားရှိခိုးကျောင်း တခုအပြင်မှာ ပေါက်ကွဲမှု ဖြစ်လို့ လူ၂၁ယောက်သေပြီး အများအပြားဒဏ်ရာရသွားပါတယ်။

အဲဒီထဲမှာ လမ်း တဘက်ကဗလီမှ မွတ်စလင်ဘာသာဝင် ရှစ်ယောက်လည်း ဒဏ်ရာရသွားတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ နှစ်သစ်ကူး အကြိုည ဆုတောင်းဝတ်ပြုပွဲ အပြီး Coptic ဘုရားကျောင်းက ဝတ်ပြုပြီး ပြန်အထွက်မှာ ပေါက်ကွဲမှုဖြစ်တာပါ။ အဲဒီနောက် ရာနဲ့ချီတဲ ခရစ်ယန် ဘာသာဝင်တွေက ဗလီတွေကို တိုက်ခိုက်မှု ကားမီရှို့မှု အပါအဝင် ရဲတွေနဲ့ ရင်ဆိုင်တိုက်ခိုက်မှုတွေနဲ့ တုန့်ပြန်ကန့်ကွက်ကြပါတယ်။ ကနဦးသတင်းတွေအရ ကားဗုံးပေါက်ကွဲတာဖြစ်ပြီး အခုတော့ အသေခံတိုက်ခိုက်မှု ပိုဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောနေကြပါတယ်။

အီဂျစ်သမ္မတ Hosni Mubarak ကတနိုင်ငံလုံးကို ရုပ်မြင်သံကြားကတဆင့် မိန့်ခွန်းပြောရာမှာဒါဟာ အကြမ်းဖက်သမားတွေက သူတို့ဟာသူတို့လုပ်တာဖြစ်ပြီး တခြားကမ္ဘာ့ ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ အကြမ်းဖက်မှု ပုံစံမျိုးအီဂျစ်မှာ ဖြစ်စေချင်တဲ့ နိုင်ငံခြားပယောဂ ပါတယ်လို့ သမ္မတက ပြောသွားပါတယ်။